မမ၀ါရဲ့ သေဖို့ တစ်လအလို ဆိုတဲ့ တက်ဂ်ပို့ လေးကိုရေးဖို့ ဆုံးဖြတ်ပြီးချိန်မှာပဲ စုတေခါနီး စိတ်ကလေးဟာ ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာကို စဉ်းစားဆင်ခြင်မိတဲ့ အတွက် ဒီပို့ လေး အတွက် အသေတတ်သည် ဆိုရာဝယ်လို့ပဲ ခေါင်းစဉ်ကို
ပေးမိပါတယ် ။ ဘာလို့လဲ ဆိုတော့ အသေတတ်အောင် ဟောခဲ့တဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်ထဲကအတိုင်း အတော် များများ ပြန်ရေးထားတာမို့လို့ပါ ။
သေတတ်အောင် ဘယ်လို ကြိုးစားရမလဲလို့ ကြည့်လိုက်တဲ့ အခါမှာ နီဝရဏ တရား ငါးပါးကို အရင်ဆုံးပြေးတွေ့ပါတယ် ။ မဂ်တား ဖိုလ်တား အပါယ်လားမည့် တရားတွေ ဖြစ်ပါတယ် ။ ၀ိပဿနာ အားထုတ်ခြင်းဟာ အသေတတ်အောင် ကျင့်တာ ဖြစ်တဲ့ အတွက် အဲ့တရားငါးပါးဟာ ၀ိပဿနာ ကျင့်တဲ့ လူကိုလည်း မဂ်ဥာဏ် ဖိုလ်ဥာဏ်မရအောင် တားပါတယ် ။ ပြီးတော့ လူတွေ သေတိုင်း သေတိုင်းမှာလည်း သေခါနီး အချိန်မှာ အဲ့ တရားငါးပါး ၀င်လာပြီး အပါယ်ကို ဆွဲချတတ်ပါတယ်။ ဘာတွေလဲ ဆိုတော့ ....
၁။ ကာမဆန္ဒ
ကာမအာရုံ၌ လိုလားတပ်မက် သာယာမှု ဖြစ်ပါတယ် ချစ်ခြင်း မုန်းခြင်း စတဲ့ သံယောဇဉ်တွေ တပ်မက်မှုတွေ အကုန်ပါပါတယ် ။
တရားအားထုတ်တယ် .. တစ်ခုခု စပြောင်းလဲမှုဖြစ်ရင်ပဲ ငါဆိုတဲ့ အတ္တက လိုလား နှစ်သက်သာယာတယ် ပြီးတော့ လှည့်ပတ်ပြီး ခံစားလိုက်တယ် တစ်ခါတည်း မဂ်ဥာဏ် ဖိုလ်ဥာဏ်ကိုပါ တားပစ်လိုက်တယ် .. ဒါဟာ ကာမဆန္ဒ နီဝရဏတရား ၀င်ပြီး နှိပ်စက်လိုက်တာပါ ။
၂။ ဗျာပါဒ
စိတ်ဆိုးမှု အမျက်ထွက်မှု မလိုမုန်းတီးမှု ဟိုလူ့ အလိုမကျ ဒီလူ့အလိုမကျ စတဲ့ အလိုမကျမှု ။
တရားအားထုတ်ပေမယ့်လည်း တစ်ခုခု တစ်ယောက်ယောက်ကို မကျေပ်မနပ်ဖြစ်နေတယ် စိတ်ထဲမှာ အလိုမကျ ဖြစ်နေတယ်ဆိုရင် ... ကိုယ်ကလည်း အဲ့စိတ်ကို ပျောက်အောင် မရှုနိုင်ဘူး ဆိုရင် ဘယ်လိုမှ ရှုမှတ်လို့ မရပါဘူး ။
ဒါဟာ ဗျာပါဒ ဆိုတဲ့ နီဝရဏတရားက ၀င်နှိပ်စက်လိုက်တာပါ ။
၃။ ထိနမိဒ္ဓ
ပျင်းရိ ငိုက်မြည်း ထိုင်းမှိုင်းလေးလံမှု ( မောဟ )။
တရားအားထုတ်ရင်းနဲ့ အိပ်ငိုက်တယ် မျှောတယ် အိပ်မက်တွေလိုလို ဘာလိုလို မြင်တယ် မထင်မရှားယောင်ဝါးဝါးတွေ တွေ့တယ်
ဒီလိုဖြစ်နေရင်လည်းပဲ မငြိမ်းချမ်းပါဘူး ထိနမိတ္တ ဆိုတဲ့ နီဝရဏ တရား ၀င်နှောက်ယှက်တာပါပဲ ။
၎။ ဥဒ္ဓစ္စ ကုက္ကုစ္စ
စိတ်ပျံ့လွင့်မှု ပြုပြီးသား မကောင်းမှုကို စိုးရိမ်ပူပန်မှု မပြုရသေးသော ကောင်းမှု အတွက် သောက စိုးရိမ်ဖြစ်မှု ။
အရှုခံကို စူးစိုက်ပြီး ရှုပါသော်လည်း စိတ်က စုစည်းလို့ မရ ... အာရုံတွေ တဖျတ်ဖျတ်နဲ့ ကုန်းပေါ် ပက်တင်ခံလိုက်ရတဲ့ ငါးတစ်ကောင်လို အာရုံတွေ ဖြတ်ဖြတ်လူး ဟိုရောက်ဒီရောက် ဖြစ်နေတယ် ဖြစ်ပြီးသားတွေ ပြန်မြင်လိုက် မဖြစ်သေးတာတွေ ကြိုတွေးလိုက် ဆိုရင်လည်း ဒါဟာ ဥဒ္ဓစ္စ ကုက္ကုစ္စ ဆိုတဲ့ နီဝရဏတရားက ၀င်နှိပ်စက်လိုက်တာပါ ။
၅ ။ ၀ိစိကိစ္ဆာ
ယုံမှား သံသယဖြစ်မှု ။
တရားထိုင်တယ် ခန္တာရဲ့ အပြောင်းအလဲကို နည်းနည်းချင်း စတွေ့တယ် ဒါပေမယ့် အတိအကျ မသိဘူး
ဟို ဟာ တွေ့သလိုလို ဒီဟာ တွေ့သလိုလို စိတ်က ထင်တယ် ။ ဘယ်လို ခံစားရသလိုလို ညာလို ခံစားရသလိုလို
အဲ့လို လိုလိုတွေ များနေခြင်းဟာ ၀ိစိကိစ္ဆာ ပါပဲ ။
ဝိပဿနာရဲ့ ထူးခြားချက်က အသိဥာဏ် တစ်ခု ပွင့်ပြီ ဆိုတာနဲ့ မှန်တယ် ဟုတ်တယ် ဆိုတာကို ဘယ်သူမှ ရှင်းပြစရာမလိုပဲ ကိုယ့်အလိုလိုသိပါတယ် ။ အဲ့ အသိဥာဏ်ဟာ နှလုံးသားထဲထိ စူးနစ်ပြီး သြော် ဘုရားဟောတာ ဟုတ်လိုက်တာပါလား ဆိုပြီး တစ်ကယ့်ကို စစ်မှန်တဲ့ ကြည်ညိုစိတ်တွေ ကျေးဇူးတင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်ပြီး နှလုံးသားမှာ အုတ်မြစ်တစ်ခု တည်မိတာပါပဲ ။
အဲ့လိုမှ မဟုတ်ပဲ ယောင်ယောင်ဝါးဝါးနဲ့ ဟိုလိုလို ဒီလိုလို သလိုလို ဆိုရင်ဖြင့် သေချာပါတယ် အဲ့ဒါ ၀ိစိကိစ္ဆာ ။
ဒါကြောင့် နည်းမှန်လမ်းမှန် ရှင်းပြနိုင်တဲ့ ဆရာကောင်းသမားကောင်း အရေးတကြီး လိုအပ်တယ်ဆိုတာ ဘုရားရှင် အပါအ၀င် ရဟန္တာကြီးတွေ အဆက်ဆက် ပြောခဲ့တာပါ ။
နီဝရဏ တရားငါးပါးကို အကျဉ်းမျှ တင်ပြခြင်း ဖြစ်ပါတယ် ။
ဒီတရားငါးပါးဟာ တရားအားထုတ်ချိန် နဲ့ လူတိုင်းလူတိုင်း သေခါနီး အချိန်တွေမှာ ၀င်လာတတ်ပါတယ် ။ တစ်ကယ့် ချက်ကောင်းတွေမှ ၀င်တာပါ ။ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရတော့မယ် ဆိုရင် ၀င်လာပြီ ။ သေတော့မယ် ဆိုရင် ၀င်လာပြီ ။ တစ်ကယ့်ကို မဂ်တား ဖိုလ်တား အပါယ်လားစေမည့် တရားငါးပါး ပါပဲ ။
ဝိပဿနာ ဘာဝနာကို နေ့စဉ်ကျင့်ကြံအားထုတ်နေတဲ့ လူတစ်ယောက်ဟာ ဒီတရားငါးပါးကို နေ့စဉ် ရင်ဆိုင်ကျော်ဖြတ် နေရတဲ့အတွက် တရားအားထုတ်ခြင်းကို အသေကျင့်ခြင်းလို့လည်း မှတ်ယူလို့ ရပါတယ် ။
ဒါကြောင့် တရားအားထုတ်ပြီး အသေတတ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ သေလွန်တဲ့ အခါမှာ ဘာပဲလာလာ ပြုံးပြုံးလေးနဲ့ ကျော်လွှားနိုင်ပြီး အေးငြိမ်းရာ ဘုံဘ၀တွေကို ကူးပြောင်းနိုင်ကြပါတယ် ။ ဒါကို ပြုံးသေလို့ ခေါ်ပါတယ် ။ အရိယာတို့၏ သေခြင်းလို့လည်း ခေါ်ပါတယ် ။
နေ့စဉ်တရားအားထုတ်ခြင်း မရှိ ။ တစ်ခါတစ်ရံ အားထုတ်ပေမယ့်လည်း နှလုံးသားမှာ ယုံမှားသံသယ မရှိအောင် အားထုတ်နိုင်ခြင်းလည်း မရှိတဲ့ လူတစ်ယောက်ဟာ သေခါနီးမှာ လာရောက် နှိပ်စက်မယ့် နီဝရဏတရား ငါးပါးကို ဘယ်လိုမှ မကျော်လွှားနိုင်ပါဘူး ။ အဲ့ တရားတွေရဲ့ နှိပ်စက်ခြင်းကို ခံရပြီး မကောင်းတဲ့ နမိတ်တွေမြင် မျက်လုံးပြုး မျက်ဆန်ပြူးနဲ့ ကြောက်လန့်တကြား တွန့်လိမ်ကောက်ကွေး တောင့်တင်းပြီး နောက်ဆုံးမှာ မျက်ရည်လည်ရွှဲနဲ့ နောင်တတွေ ပရပွ နဲ့ သေဆုံးရတာပါပဲ။ အပါယ်လေးဘုံကို မေးစရာမလိုပဲ တန်းနေအောင် ပြေးပါတယ် ။
ဆိုးလိုက်တဲ့ ကုက္ကုစ္စ ( စိုးရိမ် ပူပန်မှု ) ။
ဒါနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟောကြားခဲ့ဖူးပါတယ် ။
ကဿဖဘုရားရှင်လက်ထက်က ရဟန်းတစ်ပါးဟာ တစ်ပါးတည်း ဂဂါင်္မြစ်ကမ်းမှာ တရားအားထုတ်ကျင့်ကြံပါတယ် ။ တနေ့မှာ ဂဂါင်္မြစ်ထဲမှာ ဆွမ်းခံထွက်ဖို့ လှေစီးရင်းနဲ့ ကျူပင်လေး တစ်ပင်ကို ဆွဲမိပြီး ကျူပင်လေး အမြစ်က ပြတ်သွားပါတယ် ။ အဲ့ ပုထုဇဉ် ရဟန်းဟာ အဲ့ဒါလေးကို မမေ့မဖျောက်နိုင်ပဲ ငါတော့ လုပ်မိလေခြင်း လုပ်မိလေခြင်းရယ်လို့ တသသ သောက ဖြစ်နေပါတယ် ။ သူ့ကို အာပတ်ဖြေပေးမယ့် ပုဂ္ဂိုလ်လည်း မရှိဘူးရယ်လို့ မပြုရသေးတဲ့ ကုသိုလ်ကောင်းမှုကိုလည်း အမြဲပဲ တွေးတော စိုးရိမ်နေပါတော့တယ် ။ တစ်ကယ်တော့ ဒါလေးဟာ အပါယ်ကျလောက်တဲ့ အပြစ်မဟုတ်ပါဘူး ။ မေ့မေ့ပျောက်ပျောက် ထားနိုင်ရင်တောင် ဘာမှ မဖြစ်ပါဘူး ။
အခုတော့ အဲ့ရဟန်းဟာ အဲ့ဒီ သောကတွေ စိုးရိမ်စိတ်တွေ ပူပန်စိတ်တွေနဲ့ သီလစောင့် တရားအားထုတ်လိုက်တာ အဲ့ခေတ် သက်တမ်းအရ နှစ် ၂ သောင်းတောင် ကြာပါသတဲ့ ။ ဒါပေမယ့်လည်း အဲ့လို စိုးရိမ် ပူပန်သောကတွေ မဖျောက်နိုင်တဲ့ စိတ်တွေနဲ့ အားထုတ်တာဆိုတော့ အဲ့လောက် အားထုတ်လည်း သူ့ အသိဥာဏ်ဟာ ဘာမှ တိုးပွားမလာပါပဲနဲ့ သေလွန်တဲ့ အခါမှာ အဲ့ ဂဂါင်္မြစ်နဲ့ ကျူပင်ကို စွဲလန်းပြီး အဲ့မြစ်ထဲမှာပဲ နဂါးကြီး ဖြစ်နေပါသတဲ့ဗျာ ။
ဖားစိမ်းတွေ ငါးစိမ်းတွေ စားရင်းနဲ့ နဂါးကြီးနေလာလိုက်တာ ဂေါတမမြတ်စွာဘုရားပွင့်တော်မူလာတဲ့ အထိပါပဲ ။ နောက်ဆုံး ဘုရားနဲ့ တွေ့ပြီး တပည့်တော်ကို ကယ်ပါလို့ လျှောက်ထားပေမယ့် အဟိတ်တိရစ္ဆာန် ဖြစ်နေတဲ့အတွက် လူ့ဘ၀ ရောက်အောင် အရင်လုပ်ပါဦးလို့ ဘုရားရှင်က မိန့်ခဲ့ရတယ် ။ ဘုရားရှင်လည်း ဘာမှ မတတ်နိုင်တော့ပါဘူး ။ ဘုရားနှစ်ဆူကြား သူသတ်စားခဲ့တဲ့ ဖားတွေ ငါးတွေ အကောင်တွေရဲ့ အသက်တွေက နည်းမှ မနည်းတော့ပဲ ။ အကုသိုလ်တွေ ဒီလောက် အဆင့်ဆင့်နဲ့ လူဖြစ်ဖို့ တောင် လုံးဝ မလွယ်တော့ပါဘူး ။
ဒါကြောင့် ဘုရားရှင်က လူဖြစ်ဖို့ အင်မတန့် အင်မတန်မှာ ခက်ခဲပါတယ်လို့ ဟောခဲ့တာပါ ။ နောက်ပိုင်း ဘာဆက်ဖြစ်တယ် ဆိုတာကို ဘုရားရှင် မဟောတော့ပါဘူး ။ အဲ့ရဟန်းဟာ နှစ်ပေါင်း ၂ သောင်း သီလစောင့် တရားအားထုတ်ခဲ့ပေမယ့် ဒီ ဥဒ္ဓစ္စ ကုက္ကုစ္စ ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ စိတ် ... နောင်တ တဖန်ရရှိတဲ့ စိတ်တွေက ၀င်ရောက်နှိပ်စက်လိုက်တာ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရချင်လို့ အားထုတ်ခဲ့တာတောင်မှ အဲ့ဒါတွေ မရပဲ အပါယ်လေးဘုံကျပြီး သံသရာမှာ အဆုံးမရှိနိုင်သေးတဲ့ သံသရာ့ ခရီးသည် တစ်ဦး ဖြစ်သွားရတာပါပဲ ။ အရမ်းကို ကြောက်ဖို့ကောင်းတဲ့ နီဝရဏတရား ပါ ။
မဂ်ဥာဏ် ဖိုလ်ဥာဏ်ရခါနီးနဲ့ သေခါနီး တစ်ကယ့် အချိန်ကောင်းတွေမှ အမြဲရောက်လာတာပါ ။ ဒါကြောင့် မဂ်တား ဖိုလ်တား အပါယ်လားစေမယ့် တရားဖြစ်လို့ ဒါတွေကို ကျော်နိုင်အောင် နည်းပေးလမ်းပြမယ့် ဆရာကောင်းနဲ့ မြတ်မြင့်တဲ့ သဒ္ဒါ ၀ိရိယ သမာဓိ သတိ နဲ့ တရားအားထုတ်ဖို့ တစ်ကယ်ကို လိုပါတယ် ။ မြင့်မြတ်တဲ့ ပညာ အသိဥာဏ်ကို လျော့တိလျော့ရဲ ( အညံ့စား ) သဒ္ဒါ ၀ရိယ သမာဓိ သတိ နဲ့ ဘယ်တော့မှ မရပါဘူး ။
ကံတွေရဲ့ သဘောတရားအရ သေခါနီး ဖြစ်တဲ့ စိတ်က အရင်ဆုံး အကျိုးပေးပြီး နှစ်၂ သောင်း အားထုတ်ခဲ့ စောင့်စည်းခဲ့တဲ့ သီလ အကျိုးတွေကတော့ အကျိုးပေးခွင့် မရသေးပါဘူး ။ အကုသိုလ်ပေါ် အကုသိုလ်ဆင့်တဲ့ အတွက် အကျိုးပေးခွင့်တောင် ရချင်မှ ရတော့မှာပါ ။
အသေတတ်လို့ မြတ်ခဲ့ပုံ ။
အသေတတ်ခဲ့လို့ မြတ်ခဲ့တဲ့ အကြောင်း ဘုရားရှင် ဟောထားပါသေးတယ် ။ ဂေါတမဘုရားရှင်လက်ထက်မှာ ဖက္ခုဏ ဆိုတဲ့ ပုထုဇဉ်ရဟန်းလေးမှာ ရောဂါဝေဒနာ နှိပ်စက်ပြီး ပျံလွန်တော်မူခါနီး ဆဲဆဲ ဖြစ်နေပါတယ် ။ ဘုရားရှင်ဟာ ဒီရဟန်းလေးရဲ့ ကျွတ်ချိန်ကို သိတဲ့ အတွက် သွားရောက် မေးမြန်းပါတယ် ။
ချစ်သား ဝေဒနာ သက်သာပါရဲ့လား ဆိုတော့ ရဟန်းလေးက ရှုံ့ရှုံ့မဲ့မဲ့နဲ့ ပြန်ဖြေပါတယ် ။
အရှင်ဘုရား ဝေဒနာသည် မသက်သာ ရပ်နေသည် မရှိ တိုး၍ တိုး၍သာ လာပါတယ် ဘုရားတဲ့ ။
ဒီတော့မှ ဘုရားရှင်က ချစ်သား ဝေဒနာသည် ငါမဟုတ် ဝေဒနာက နာကျင်ခြင်းသည် ငါမဟုတ် ဝေဒနာနဲ့ ငါကို ကွဲအောင် ရှုပါလော့ လို့ တရားဟောတော်မူတယ်။
အဲ့ဒီတော့မှ ပါရမီရင့်သန်ပြီးတဲ့ ရဟန်းလေးဟာ ဆရာကောင်းသမားကောင်းရဲ့ လမ်းပြမှုကြောင့် ဝေဒနာ နဲ့ ငါ ကို ကွဲပြားအောင် ရှုနိုင်ပြီး ဝေဒနာ ကို မတုန်လှုပ်တော့ပဲ ပြုံးပြုံးလေးနဲ့ ကျော်လွှားကာ ဥာဏ်စဉ် အဆင့်ဆင့်တက်ပြီး နောက်ဆုံးမှာ အနာဂမ်စိတ်နဲ့ စုတေပြီး ဗြဟ္မာဘုံကို လားပါသတဲ့ ။
ဒီနေရာမှာ တို့လည်း သူ့လိုပဲ သေခါနီး နှလုံးသွင်းပြီး သေမှာပေါ့လို့ လူတိုင်းနီးပါး တွေးမိကောင်း တွေးမိပါလိမ့်မယ် ။ ဒါပေမယ့် ဘာလို့ အဲ့လို အလွယ်တကူ နှလုံးသွင်းနိုင်တာလဲ ဆိုတဲ့ အချက်ကိုတော့ မမေ့လျော့ကြပါနဲ့ ။ ပုရွက်ဆိတ်ကိုက်တာ အပ်လေးနဲ့ ထိုးမိတာ ခလုတ်တိုက်မိတာတောင်မှ သတိကပ်နိုင်ရဲ့လား ဆိုတာ မိမိကိုယ် မိမိ သေချာလေး ပြန်စဉ်းစားကြည့်ပါ ။ ဖြစ်ပြီးမှ သိတာ များပါတယ် ။ သေခါနီး ဝေဒနာ ဘယ်လောက်များ ပြင်းထန်လဲ ဆိုတော့ သေလောက်အောင်ကို ပြင်းထန်ပါတယ် ။ ဝေဒနာ ခံစားပြီးမှ အသက်ထွက်မှာကိုး ။ အဲ့တော့ သေလောက်အောင် ခံစားရတာပေါ့ ။
ကဲ အသက်ထွက်လောက်အောင် ခံစားရမယ့် ဝေဒနာ .. ဒီကြားထဲ ၀င်လာဦးမယ့် နီဝရဏတရားငါးပါး ... သားစွဲ မယားစွဲ သမီးစွဲ လင်စွဲ ကျောင်းစွဲ စေတီစွဲ ဥစ္စာစွဲ စတဲ့ မရေတွက်နိုင်တဲ့ အစွဲတွေ ။ ဒါတွေကြားထဲက တည်ငြိမ်တဲ့ သမာဓိနဲ့ ငါ ရဲ့ မရှိပုံ ဝေဒနာရဲ့ မရှိပုံကို ဆင်ခြင်နိုင်ဖို့ ဆိုတာ လျော့တိလျော့ရဲ တရားလုပ်ထားရုံ ယောင်တောင်တောင် ပေါင်တောင်တောင် လုပ်ထားရုံနဲ့ ဘယ်လိုမှ မကျော်လွှားနိုင်ပါဘူး ။ မကျော်လွှားနိုင်ပဲ တစ်ခုခုကိုများ စွဲသေလို့ကတော့ လားပေတော့ အပါယ်ဘုံပဲ ။
သားစွဲ သမီးစွဲ လင်စွဲ မယားစွဲရင် သူတို့ ပတ်ဝန်းကျင်မှာ ဖုတ် ပြိတ္တာ သရဲ တိရစ္ဆာန် ...
ကျောင်းစွဲ စေတီစွဲရင်တော့ ကျောင်းစောင့် စေတီစောင့် ....
ဥစ္စာစွဲရင်တော့ ဥစ္စာစောင့် .... ငရဲ တိရစ္ဆာန် အသူရကယ် စတဲ့ မကျွတ်မလွတ်ဘ၀တွေ ရောက်ရင်ဖြင့် လူပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး ။
ဒါကြောင့် လူတစ်သိန်းသေရင် တစ်ယောက် ကောင်းရာ သုဂတိဘုံ ရောက်ဖို့မလွယ်ဘူးလို့ ရဟန္တာကြီးတွေ အထပ်ထပ်အခါခါ ဟောကြားခဲ့တာပါ ။ မိမိကိုယ်တိုင်ကရော လူတစ်သိန်းရွေးရင် တစ်ယောက်အဖြစ် စကာတင် အရွေးခံနိုင်ဖို့ ပါရမီတွေ ပညာတွေ ပြည့်ဝနေပြီလား ဆိုတာ ပြန်စဉ်းစားကြစေလိုပါတယ် ။
ဆက်လက် ဖော်ပြပါမည် .........
အင်္ဂလိပ် Idioms သင်ခန်းစာ (၁၄)...
9 hours ago

4 ဝေဖန်မှု:
မိုးသောက်ရေ..
အစ်မပို့စ်အရှည်ကြီးကိုဖတ်ပြီး ကွန်မန့်အရှည်ကြီးကို
ရေးပြီခါမှ ကွန်မန့်က တင်လို့မရပဲ ပျောက်သွားတယ်။
နေဦး အခု အစမ်းထပ်မန့်ကြည့်ဦးမယ်.
ပို့စ်အရှည်ကြီး ရေးပေးတာ ကျေးဇူးတင်ပါတယ် မိုးသောက်ရေ။ မှတ်သားစရာတွေ အများကြီးမို့
သေခြာဖတ်မှတ်သွားခဲ့ပါတယ်။
မမ၀ါ
မိုးသောက်ရေးထားတာတွေကို သေခြာဖတ်ဖြစ်ပြီး ကိုယ့်
မှာလိုအပ်နေတာတွေကို အများကြီးတွေ့ရှိလိုက်ရပါတယ်။
ဟုတ်ပါတယ်. ဒါန သီလကို အဖြစ်လောက်လုပ်နေရုံနဲ့
ငါအပယ်မလားတော့ဘူးလို့ ဘယ်ပြောနိုင်မှာလဲနော်.
လူတိုင်းလူတိုင်းမှာ အဆင်မပြေမှု တစ်ခုခုတော့ အနည်း
ဆုံးရှိတတ်ကြပါတယ်။တချို့ကစားဝတ်နေရေးနဲ့ပတ်သက်လို့ အဆင်မပြေသလို ၊တချို့ကကျန်းမာရေးနဲ့
ပတ်သက်လို့ အဆင်မပြေပါဘူး။တချို့က စိတ်ဓါတ်ရေးရာနဲ့ ပတ်သက်လို့ အဆင်မပြေသလို
တချို့က အသိဥာဏ်ပညာနဲ့ ပတ်သက်ပြီး အဆင်မပြေကြပါဘူး။
စားဝတ်နေရေးနဲ့ပတ်သက်လို့ အစစအဆင်ပြေစေချင်
ရင် ဒါနကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ။ကျန်းမာရေးနဲ့ ပတ်သက်လို့ အစစအရာရာအဆင်ပြေစေ
ချင်ရင် သီလကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါ
မယ်။စိတ်ဓါတ်ရေးရာမှာ အစစအရာရာအဆင်ပြေစေချင်
ရင် သမထတရားမှာ သဒ္ဓါတရား အားကောင်းရပါမယ်။
အသိဥာဏ်ပညာမှာ အစစအရာရာအဆင်ပြေစေချင်ရင်
ဝိပဿနာကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ်
ဆိုတဲ့ အရှင်ဆန္ဒာဓိက ရဲ့ဆိုဆုံးမစကားလေးတွေကို အမြဲ လက်ကိုင်ထားနိုင်အောင် ကြိုးစားနေဆဲ လူတစ်
ယောက်ဖြစ်တဲ့ အစ်မအတွက် ၀ိပဿနာ တရားအား
ထုတ်မှုက အရမ်းအားနည်းနေပါသေးတယ်။
ဒါပေမယ့် အရင်ကထက်စာရင်တော့ သွားသတိ ၊လာသတိ အမြဲမဟုတ်တောင် သတိရတဲ့အချိန်မှာ သတိလေးကို အမြဲကပ်နိုင်အောင်ကြိုးစားမိနေပါတယ်။
အတွေးတွေနဲ့ ပူလောင်တတ်တဲ့ အစ်မအတွက် သတိတရားလေးက အလွန်ငြိမ်းချမ်းကြောင်း သိနေတော့ သတိတရားလေးကိုပဲ တတ်နိုင်သလောက်
ကပ်ထားနိုင်အောင် ကြိုးစားနေလျှက်ပါ မိုးသောက်ရေ။
မိုးသောက်ရေးထားတဲ့ ပို့စ်အရှည်ကြီးကိုဖတ်ပြီး အစ်မလည်း သေခါနီးအချိန်မှာ ငါမဟုတ်တဲ့ ငါနဲ့ ဝေဒနာကို ကွဲပြားအောင်ရှုမှတ်ပြီး အသေတတ်အောင်ကြိုး
စားရမယ်လို့ ပို့စ်အရှည်ကြီးဖတ်ရင်းနဲ့ မှန်ကန်တဲ့ အတွေးကောင်းလေးကို ရလိုက်ပါတယ်ကွယ်။
ခင်မင်စွာနဲ့
အစ်မ၀ါ
အစ်ကိုရေ..
ဟုတ်ပါတယ်နော်.. ဒီခန္ဓာကြီးဖြစ်နေတာကို ငါဖြစ်တာလို့  သံသရာတလျှောက် စွဲမှတ်ယူခဲ့လို့  အဲဒီ့ အစွဲတွေ တိုးပွားနေခဲ့တာပဲ... ဒီခန္ဓာဖြစ်နေတာက အဖြစ်သဘောလေး သက်သက်.. ဖြစ်နေတာလေး သက်သက်ပါ.. ဒါကို ငါဖြစ်နေတာလို့ အမှားမှတ်နဲ့  မှတ်သားမယ်ဆိုရင် ပိုလို့ တိုးတဲ့ ဝေဒနာတွေ ခံစားရဦးမှာပေါ့... ဒီခန္ဓာ ငါ့ခန္ဓာမဟုတ်ဘူး.. ဒီခန္ဓာက ခံစားနေရတာတွေက ငါခံစားနေရတာ မဟုတ်ဘူးဆိုတဲ့ သတိတရားလေးနဲ့  ၀ိပဿနာ စရှုချိန်မှာ ကျင်တဲ့ နာတဲ့ ဝေဒနာကို ပယ်ဖျောက်နိုင်ခဲ့တာ အစ်ကို့ ဆုံးမလမ်းညွှန်မှုတွေပါ.. ဒါနောက်ဆက်ပြီး အခြား အကြောင်းအရာတို့ ကြောင့် ခန္ဓာက ဝေဒနာအသေးအမွှားလေးတွေကို ငါ့ဝေဒနာ မဟုတ်ဘူးလို့  ပယ်ဖျောက်နိုင်တာလဲ ၀ိပဿနာ ကျင့်ဖို့  တိုက်တွန်းအားပေး လမ်းညွှန်ခဲ့တဲ့ အစ်ကို့ ကြောင့်ပါ.. မဂ်တားဖိုလ်တား အပယ်ကို ဆွဲချမယ့် နီဝရဏ တရားငါးပါးကို ၀ိပဿနာ ကျင့်ရင်း ပယ်ဖျောက်ရမှာပေါ့.. ဒါပေမဲ့ အစ်ကိုရေ.. သေခါနီး ဖြစ်မယ့် ဝေဒနာကို ကျော်လွှားနိုင်ဖို့ ဆိုတာတော့ ညီမလေး ကြိုးစားရဦးမယ်... အပြုံးနဲ့ သေဖို့ ပေါ့.. ဆုံးမလမ်းညွှန်မှုတွေ ပေးခဲ့တဲ့ အတွက်ရော.. အခုနောက်ပိုင်းမှာ တိုက်ရိုက် လမ်းညွှန်မှုတွေ မရပေမဲ့ အစ်ကို့  ဘလော့ဂ်က ပို့ စ်တွေမှ တဆင့် ဆုံးမ ပေးမှုတွေ အတွက်ရော ကျေးဇူးတင်ပါတယ်...
ရည်မွန်
ရောက်ပါတယ်
Post a Comment