သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

10.7.09

လိုတရ စိတ်ကို အသုံးချခြင်း ( ၁ )



ဘုရားရှင် ဟောထားသမျှကို အနှစ်ပြန်ချုပ်လိုက်ရင် ဖြစ်ပျက်ပဲ ရှိပါတယ် .. အဲ့ဒါကို ပြန်ချုပ်ရင်တော့ စိတ် တစ်ခုတည်းပဲ ရှိပါတော့တယ် ... အဲ့ စိတ် ကိုမှ ပြန်ခွဲခြမ်း စိတ်ဖြာတဲ့ အခါမှာ စိတ် ဆိုတာ ပညတ် တစ်ခု အနေနဲ့ပဲ ကျန်ရစ်ပြီး လိုတရ ( သို့ ) အလုံးစုံ ပြီးပြည့်စုံတဲ့ သဘာဝ ( ပရမတ် ) ကို ဆိုက်တယ်လို့ နားလည် မိပါတယ် ...

အဲ့ စိတ် ကို ဘယ်လို ခွဲခြမ်းမလဲ ဘယ်လို ပြုပြင်မလဲ ဆိုတာကို ရဲရဲတောက် ဟောကြားပေးထားတဲ့ ဆရာတော် ဦးဥတ္တမသာရ ( ဆူနာမီ ဆရာတော် ) ရဲ့ တရားတော် တစ်ပုဒ်ကို ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါတယ် ...
ပါဠိ စကား တစ်လုံးမှ မပါပဲ ကလေး လူကြီး လူငယ် လူရွယ် နားလည်လွယ်အောင် အရှင်းလင်းဆုံး အထိရောက်ဆုံး စကားလုံးတွေနဲ့ စိတ်ရဲ့ သဘာဝ ကို ဟောကြားထားတာပါ ... မိတ်ဆွေ သူငယ်ချင်း အားလုံးပဲ စိတ် တစ်ခုကို ကောင်းကောင်း အသုံးချတတ်ကြစေဖို့ ရည်ရွယ်ပါတယ် ...

မျက်စိကို အသာလေးမှိတ်ထားပါ။ တကိုယ်လုံးမှာ ရှိတဲ့  အကြောတွေကို လျှော့ထားပါ။ ခါးကို မတ်မတ်ထားပါ။ ခေါင်းကို မတ်မတ်ထားပါ ။ တရားအားထုတ်တယ် ဆိုတာ စိတ်ကို အသုံးပြုနည်း သင်တန်းပေးတာပါ။

စိတ်ဆိုတာက မော်တော်ကားနဲ့ တူပါတယ်။ မော်တော်ကား ရှိပြီး ကားမမောင်းတတ်တဲ့ အခါမှာ ကားကို အသုံးပြုနည်း မသိပါဘူး ။ ကိုယ်မသုံးတတ်တဲ့ အတွက် အသုံးချလို့  မရ ဖြစ်နေသလို ကားရှိရက် နဲ့  မောင်းမည့် သူမရှိတော့ လမ်းလျှောက်သွားနေရသလို ၊ ကွန်ပျူတာ တော့ ရှိပါရဲ့ ကွန်ပျူတာနဲ့ ဘာမဆိုလုပ်လို့ ရတာကို ကိုယ်က ဘယ်လိုသုံးရမှန်းမသိတဲ့  အတွက် ကိုယ့်ကွန်ပျူတာက အလကားဖြစ်နေသလိုမျိုး ၊ ငွေတော့ ရှိပါရဲ့ ဒီငွေတွေကို ဘယ်လို အသုံးချရမှန်းမသိလို့ သော့ခတ်သိမ်းထားရတော့ ငွေစောင့်နေရတဲ့ ဒရ၀မ် အစောင့်လိုမျိုး လိုတရတဲ့ စိတ်တော့ ရှိပါရဲ့ ဘယ်လိုခိုင်းရမယ်ဆိုတာ မသိတဲ့ အတွက် စိတ်ကို အသုံးချနည်း ပညာမတတ်ဘူး ဖြစ်နေတဲ့ အတွက် ၊ စိတ်ဆိုတာကလည်း ကမ္ဘာပေါ်မှာရှိတဲ့ တန်ဘိုးရှိတယ်လို့ သတ်မှတ်တဲ့ ကျောက်သံပတ္တမြားတွေက အစ စက်ရုပ်တွေ၊ လေယာဉ်ပျံတွေ ၊ကွန်ပျူတာတွေ အဆုံး ဒါတွေဟာ စိတ်ကတီထွင်ထားတာပါ။ ကွန်ပျူတာနဲ့ မလုပ်နိုင်တာ ဘာမှ မရှိသလို စိတ်နဲ့ ပြုလုပ်လို့ မရတာလည်း ဘာမှ မရှိပါဘူး။

စိတ်ဆိုတာက ထာဝရဘုရားလိုပါပဲ အကုန်ဖန်ဆင်းနိုင်ပါတယ်။ မဖြစ်နိုင်တာတွေ အကုန်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ ကို ခိုင်းတတ်ဖို့ လိုပါတယ်။ စိတ်ကို အသုံးချတဲ့ ပညာ တတ်ဖို့ လိုပါတယ်။ စိတ်ညစ်နေရတယ် ဆိုတာက စိတ်က ကိုယ့်စိတ်ကို အသုံးမချတတ်တဲ့ အတွက် အလကားစိတ်ဖြစ်နေတာပါ။ အင်မတန်အစွမ်းထက်တဲ့  စိတ်က ဘာမှ မလုပ်ရတဲ့ အခါကျတော့ တုံးသွားသလိုပါပဲ ။

အီရတ်သမ္မတဟောင်း ဆာဒန်ဟူစိန်လို အင်မတန် တန်ခိုးအာဏာကြီးပြီးတော့မှ အကျဉ်းသားဖြစ်နေရတဲ့ အခါကျတော့ နဂိုတုန်းက လုပ်ပိုင်ခွင့်တွေ အာဏာတွေ အားလုံးလက်လွှတ် ဆုံးရှုံးပြီးတော့မှ ဘယ်သူ့ မှ အမိန့် ပေးလို့ မရတဲ့ ဘ၀ ဘာသြဇာ အာဏာမှ မရှိတော့တဲ့ ဘ၀ဖြစ်နေရတော့ စိတ်ထဲမှာ မကျေမနပ် အားမလိုအားမရ ဖြစ်ရသလိုမျိုး။ စိတ်ဆိုတာက စင်္ကြာဝတေး မင်း ဖြစ်နိုင်ပါတယ်။ ဘုရားဖြစ်တာလည်း စိတ်ပါ။ ဘုရားဖြစ်နိုင်တဲ့ စိတ်ကို သူ့ ကို အသုံးမချဘဲ ပစ်ထားတော့ အဖမ်းခံရတဲ့ ဆာဒန်ဟူစိန်လို ဖြစ်နေတာပေါ့။ လုပ်ပိုင်ခွင့် မရတော့လည်း ဘာမှ အရည်အချင်းမရှိတဲ့ လူတယောက်လို ဖြစ်နေတာပေါ့။

စိတ်ကလေးကို အသုံးမချတော့ ဘာမှ အသုံးမကျတဲ့ စိတ်လို ဖြစ်နေရတော့တာပေါ့။ ဒီတော့ ဘာလိုနေလဲ ဆိုတော့ အသုံးချနည်းလိုနေတယ်။ လိုတရတဲ့ စိတ်လက်နက်ကြီးကတော့ ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်လျှက်ပါပဲ။ အသုံးမချတော့ ဘာမှ အသုံးမကျတဲ့ စိတ်လို ဖြစ်နေရတော့တာပေါ့။ ဟိုဟာလည်း မဖြစ်နိုင်ပါဘူး။ ဒီဟာလည်း မဖြစ်နိုင်ပါဘူးပြောနေတာ။ အမှန်က ကိုယ်က ဖြစ်အောင်မလုပ်တတ်တာ။

အရာရာကို ဖြစ်နိုင်တဲ့ စိတ်ရှိပါရက်နဲ့  ကိုယ်က အသုံးမချပါများတော့ စိတ်က ဘာအရည်းအချင်းမှ မရှိတော့ပဲ ဘာမှ သုံးလို့ မရတာပါလို့ ကိုယ့်ဟာကိုယ် အထင်မှားနေတာပါ။ အမှားကြာတော့လည်း အမှန်ဖြစ်ဆိုသလို ပေါ့။ အာလာဒင်မီးခွက်နဲ့ တူတဲ့ အင်မတန် အစွမ်းထက်တဲ့ စိတ်ကလေးက အသုံးချမည့် သူမရှိတဲ့ အတွက်၊ သူ့ ကို ခိုင်းစေတဲ့ အတတ်ပညာ အသိပညာ ကိုယ့်မှာ မရှိတဲ့ အတွက် အလကားဖြစ်နေရတယ်။ အရာရာ ဖန်ဆင်းတာ စိတ်ပါပဲ။

အခု အင်မတန် ကြောက်စရာကောင်းတဲ့ HIVတွေ ကြက်ငှက်တုတ်ကွေးတွေ၊ ရောဂါ အဆန်းတွေ နောင်လည်း ပေါ်ပေါက်လာလတ္တံသော အက်ဆစ်မိုးတွေ အိုဇုံးလွှာပေါက်တာတွေ ကမ္ဘာကြီးပူနွေးလာတာတွေ လူတွေ သက်တမ်းတိုလာတာတွေ အကုန်လုံးက စိတ်ပါပဲ ။ အစွမ်းထက်တဲ့ စိတ်ကို မှန်မှန်ကန်ကန် မသုံးတတ်ပဲ မဟုတ်တဲ့ နေရာမှာ အသုံးချတော့ ကပ်ဆိုက်တယ် ဆိုတာတွေ ဖြစ်လာတယ်။

သဘာဝဘေးအန္တရာယ်ရော လူတွေကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်စစ်ပွဲတွေ အကုန်လုံးရဲ့ တစ်ဦးတည်းသော တရားခံက စိတ်ပါပဲ။ ဒုတိယ ကမ္ဘာစစ်ဆိုပီး အကြီးအကျယ် လူသတ်ပွဲကြီးတွေ ကျင်းပတာလည်း လူတွေ သိတဲ့ တရားခံက ဟစ်တလာပေါ့။ အဓိက တရားခံက စိတ်ပါပဲ။ ဟစ်တလာကို ဖန်ဆင်းလိုက်တာ စိတ်ပါ။

ဟစ်တလာဆိုတာက စိတ်က ဖန်ဆင်းလိုက်တဲ့ စက်ရုပ်တစ်ရုပ်ပါ။ ဒုတိယ ကမ္ဘာစစ်ပြီးတာတောင်မှ ဟစ်တလာ သေသွားတာတောင်မှ တတိယ ကမ္ဘာစစ် ဖြစ်တော့မလိုလို အကြီးအကျယ်ထိတ်လန့် စရာတွေ ဖြစ်ရတာပါ။ ဟစ်တလာက လက်သည်စစ်စစ် မဟုတ်လို့ သူသေသွားတာနဲ့ မပြီးဘူး။ ခေါင်းဆောင်က ရှိနေသေးတယ်။ လောဘ ဒေါသ မောဟ စိတ်ဆိုတဲ့  လောဘ ဒေါသ မောဟ စေတသိတ်တွေနဲ့ ပေါင်းနေတဲ့  စိတ်က အပေါင်းအသင်းမှား ပြီးတော့မှ အကျိုးပြုလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ခွင့်မရတဲ့ အခါကျတော့ အဖျက်လုပ်ငန်းတွေ ဦးတည်ပြီးလုပ်ကိုင်နေပါတယ်။

လူသားတွေက စိတ်ဆိုတဲ့ အရှင်သခင်ကြီးကို နှိမ်နှင်းဖို့ မကြိုးစားပဲ ကောင်းတဲ့ ဖက်ကို ပြုပြင်ဖို့ တော့ မကြိုးစားဘဲ ဒီစိတ်က ဖန်ဆင်းထားတဲ့ စက်ရုပ်တွေကိုသာ လိုက်ပြီးတော့ ချေမှုန်းနေတယ်။ ဒါကြောင့် ကမ္ဘာကြီး ဘယ်တော့မှ အေးချမ်းစရာမရှိဘူး။ မကောင်းမှုတွေကို တိုက်ဖျက်ရမှာ မဟုတ်ဘူး။ မကောင်းမှုဆိုတာ မကောင်းတဲ့ စိတ်တွေက မွေးဖွားပေးလိုက်တာပါ။ မကောင်းတဲ့ စိတ်တွေကိုပဲ ချေမှုန်းရမယ်။

စိတ်ကို အသုံးမချတတ်တဲ့ အခါကျတော့ မကျေနပ်မှုတွေ ပေါက်ကွဲမှုတွေ နဲ့ ကိုယ်ဖြစ်ချင်ရာ မဖြစ်ရတော့ ဟိုလူ့ စွဲချက်တင် ဒီလူ့ စွဲချက်တင်နဲ့  ဟိုနိုင်ငံ အပြစ်တင် ဒီနိုင်ငံအပြစ်တင်နဲ့  ကိုယ့်စိတ်ကို ကိုယ် မှန်မှန်ကန်ကန် အသုံးမချတတ်တဲ့ အတွက် ကိုယ့်မှာြ့ပဿနာတတ်နေ၇တာကို သူများကို စွဲချက်တင် ပြီးတော့မှ ၊ သူများကို အပြစ်တင်ပြီးတော့မှ ပြဿနာပေါင်းစုံကို မွေးဖွားပေးနေတာတွေ ဒါတွေ အကုန်လုံးက ကိုယ့်မှာရှိတဲ့ လိုတရတဲ့ စိတ်တွေကို အသုံးမချတတ်လို့  ။

ကိုယ်ကိုယ်တိုင်လည်း အသုံးမချတတ်တော့ သူများကိုလည်း အသုံးချတဲ့ နည်းမသင်ပေးတတ်ဘူး။ မသင်ပေးတတ်တော့ ကိုယ်လိုမသိတဲ့ သူအချင်းချင်း စက်ရုပ်အချင်းချင်း တရားခံရှာပြီးတော့မှ ဘယ်စက်ရုပ်က ပြဿနာဖြစ်စေတာလည်း ကိုယ်လို သူလို စက်ရုပ်အချင်းချင်းကြည့်တော့လည်း အားလုံးက တကယ်ရှိတယ် ထင်နေရတာပါ။

စက်ရုပ်ဆိုတော့ ကိုယ့်ကို ဘယ်သူက ဖန်ဆင်းထားမှန်း မသိတော့ ကိုယ့်ရဲ့ စက်ရုပ်ဘ၀ကို အမှန်မသိတဲ့  အခါကျတော့ အားလုံးက တကယ်ရှိတယ်လို့ ထင်နေရပြီး ဒါဘယ်သူပဲ ဟစ်တလာပဲ အိုစမာဘင်လာဒင်ပဲ ဆာဒန်ဟူစိန်ပဲ ဆိုပြီးတော့မှ ကိုယ်လို သူလို စက်ရုပ်အချင်းချင်းသာ စွဲချက်တွေ အမျိုးမျိုးနဲ့ ပြဿနာ လုပ်လိုက်တာပါ။ အရှက်တော့အကွဲမခံတော့ဘူး၊ မသိရင်မသိပါဘူး၊ နားမလည်ရင် နားမလည်ပါဘူး ၊ ဥာဏ်မမှီရင် ဥာဏ်မမှီပါဘူးလို့ ပွင့်ပွင့်လင်းလင်း ၀န်ခံရမဲ့ အစား ... ဥာဏ်မှီတဲ့ ဘုရားက ဟောတဲ့  လောဘ ဒေါသ မောဟ စိတ်တွေက တရားခံ အစစ်ပဲလို့ အသိဥာဏ်ရှိတဲ့ ဘုရားက ပြောပါရက်နဲ့  ကိုယ်က လက်မခံနိုင်ဘူး ဖြစ်နေတယ်။

တကယ့်တရားခံအစစ်ကို ဖမ်းပေးတော့လည်း ကိုယ်က ဥာဏ်မမှီိတော့ ကိုယ်က ခန္တာကိုသာ စွဲနေတော့ စက်ရုပ်သာစွဲနေတော့ ဘယ်စက်ရုပ်ဒုက္ခပေးတာပဲ ဘာပဲ ညာပဲ ဆိုပြီး ဒီစက်ရုပ်ကို ဖန်ဆင်းတဲ့ လောဘ ဒေါသ မောဟ စိတ်တွေကို အကြောင်းတရားတွေကို နားမလည်တော့ နားလည်တဲ့ ဘုရားဟောကိုလည်း လက်မခံတဲ့ အခါကျတော့ ၊တရားခံအစစ်ကို နားလည်တယ် လက်ခံတယ်ထားဦးတော့ ဘယ်လို ဖမ်းရမှန်းမသိဘူး ။ မိအောင်မဖမ်းနိုင်ဘူး။ အဲ့တော့ ကိုယ်ဖမ်းနိုင်တဲ့ တရားခံပဲ အမိဖမ်းတော့တာပါ။

ကိုယ်က လူလူချင်း ခွေးခွေးချင်းပဲ နိုင်တာကိုး တိရစ္ဆာန် အချင်းချင်းပဲ နိုင်တာဆိုတော့ နိုင်ရာစားပဲ ။ ကိုယ်နိုင်တဲ့ အကောင်ကိုပဲ တရားခံဆိုပြီး ကြိုးစင်တင်လိုက်တော့တာပါပဲ ။ ဘယ်တော့မှ ဒုက္ခတွေက ပြီးပြတ်သွားတယ် ဆိုတာမရှိဘူး။ ဒီစက်ရုပ်ပျက်စီးသွား၇င် နောက်စက်ရုပ် တစ်ရုပ်လာမှာပဲ ၊ အီရတ်နဲ့  အမေရိကန် စစ်ပွဲတွေလို အီရတ် စက်ရုပ်တွေနဲ့ အမေရိကန်စက်ရုပ်တွေ အပြန်အလှန်တိုက်ခိုက်နေကြတာ။ အပြန်အလှန်သတ်ဖြတ်နေကြတာ။ ဒါပေမယ့် ဘာမှ အရေးမကြီးဘူး။

ဒီစက်ရုပ်မရှိတော့ နောက်စက်ရုပ်တွေ ထပ်ပြီး မွေးထုတ်နေဦးမှာပါပဲ ။ တကယ့် လောဘ ဒေါသ မောဟ မကောင်းတဲ့စိတ်တွေက အမြဲတမ်းလွတ်မြောက်နေတာ ဖြစ်တော့ သူတို့  မှာ အန္တရာယ်ကင်းနေတာ ဖြစ်တော့ လွတ်လွတ်လပ်လပ် စက်ရုပ်တွေ မွေးပြီးတော့မှ အပြန်အလှန် သတ်ဖြတ်ခိုင်းဦးမှာပါပဲ ။ ဒါမှ သူ့ ဘက်ကို မြှားဦးလှည့်လာလို့ မရအောင်ပေါ့ ။

ဦးဇင်း တရားဟောရတဲ့ ရည်ရွယ်ချက်က ဒီတရားခံ အစစ်ကို ဖော်ထုတ်ပေးတာပါ။ စိတ်ကို နားလည်တဲ့ပညာ သင်ပေးတာပါ။ သင်ပေးတယ် ဆိုတာက သင်ပေးနိုင်တဲ့ သဘာဝတရားနဲ့ မိတ်ဆက်ပေးတာပါ။ စိတ်ကိုနားလည် တဲ့ သစ္စာလေးပါးပညာကို တတ်ဖို့ အတွက် အကူအညီပေးတာပါ။ လိုတရတဲ့ စိတ်ကွန်ပြူတာကို အသုံးချတတ်ဖို့ အတွက် အကူအညီပေးတာပါ။ ကွန်ပြူတာသင်တန်းလို ကွန်ပြူတာ တယောက်တလုံးစီနဲ့ လက်တွေ့ သင်ပေးသလို ပေါ့။ ဦးဇင်းသိတဲ့ အသိဥာဏ်နဲ့ စကားလုံး ပညတ်တွေက တဆင့် ကိုယ့်စိတ်ကွန်ပြူတာနဲ့ သင်ပေးမှာပါ။

ဆက်ရန် >>..........................

ရသလောက် စွန့်
စွန့်သလောက် ရ

စွန့်လို့ လွတ်

မစွန့်လို့ မလွတ်

အမြဲစွန့်မှ အမြဲလွတ်မည် ။


ကျေးဇူးတော်ရှင် ဆရာသခင်အား ဦးခိုက် ရှစ်ခိုးပါ၏ ။

2 ဝေဖန်မှု:

ဖိုးစိန် said...

ညီရေ...

သိမှတ်စရာ ဗဟုသုတ ရစရာ တွေကို

မှတ်သားသွားပါတယ်... ဆက်ရန်ကိုမျှော်နေတယ်နော်...

ညီနေကောင်းပျော်ရွှင်ပါစေ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

WWKM said...

ဖတ်သွားပါတယ် မိုးသောက်ရေ..
ကျန်းမာပါစေ.