သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

20.7.09

ဓမ္မ ခေါ်သံ




ရဟန္တာ ဆရာတော်ဘုရားကြီးတွေရဲ့ ကြည်ညို မှတ်သားဖွယ်ရာ ယုံကြည် သဒ္ဒါအား တက်စရာ ဆုံးမ သြ၀ါဒ စကားတွေ ကို စုစည်းပြီး တင်ပြခြင်း ဖြစ်ပါတယ် ... ကျနော် ကိုယ်တိုင်လည်းပဲ သဒ္ဒါအား ကျလာတဲ့ အခါ ...
လောကီကိစ္စ အနှောက်အယှက်တွေများလို့ ယုံကြည်မှုတွေ လျော့တိလျော့ရဲ ဖြစ်လာတဲ့ အခါမှာ ဒီ စကားတွေကို ပြန်လည် ကြားယောင်ပြီး အားဆေး သဖွယ် သဒ္ဒါ ပြန်တင်ရပါတယ် ... မိတ်ဆွေ သူငယ်ချင်း အားလုံးလည်းပဲ ယုံကြည် သဒ္ဒါအား ပွားနိုင်စေဖို့ ရည်ရွယ် တင်ပြပါတယ် ခင်ဗျ ... မိတ်ဆွေ သူငယ်ချင်းများ ဒီ ပို့စ်လေးကို ဆုံးအောင် သေချာဖတ်ပြီး နှလုံးသားထဲမှာ အသိတရား တစ်ခု စွဲထင် ကျန်ရစ်တယ် ဆိုရင်ဖြင့် ကျနော် ရေးရကျိုး အပင်ပန်းခံရကျိုး နပ်ပါပြီခင်ဗျာ ...


အခုခေတ်က ၀ိမုတ္တိခေတ် .... သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာကြီးတွေ အဆူဆူ ပွင့်မည့်ခေတ် ...
ဒီတစ်ချီမှ မလိုက်ချင်ရင်တော့ နေရစ်ခဲ့ပေတော့ .... လူသေရင် လူပြန်ဖြစ်တယ်တော့ မမှတ်ယူကြနဲ့ ...
လောဘ ဒေါသ မောဟ မာန်မာန အတုံးလိုက် အတစ်လိုက်နဲ့ သေရင် အပါယ်လေးဘုံက လွတ်မယ် မထင်နဲ့ ....လူ့ဘ၀ ခဏ လာလည်တာ ... ခင်ဗျားတို့ အမြဲနေအိမ်က အပါယ်လေးဘုံ ...
အရိမေတ္တေယျ မြတ်စွာဘုရား မမျှော်မှန်းနဲ့ ... မှီမှာ မဟုတ်ဘူး ... အပါယ် တစ်ခါကျလို့ကတော့ ဘုရား အဆူဆူနဲ့ လွဲမှာ အသေအချာပဲ ...

ကုသိုလ်လေး လုပ်ထားလို့လည်း စိတ်ချမနေနဲ့ .... အဲ့ကုသိုလ်က သံသရာကို ဆက်နေချင်အောင် ဆွဲဆန့်တာ ... ကုသိုလ်ကံ ကုန်တာနဲ့ အကုသိုလ်ကံ ချက်ချင်း အကျိုးပေးပြီး အပါယ်လေးဘုံ ကို ပြန်လာရမှာပဲ ...

ကုသိုလ်ရော အကုသိုလ်ရော ကိုယ့်ကို နောက်က အမြဲ လိုက်ကိုက်နေတဲ့ သံသရာမှာ ဆွဲချမယ့် ခွေးတွေဆိုတာ သိထားကြ .... အဲ့ခွေးတွေကို ကုသိုလ်ခွေး အကုသိုလ်ခွေးလို့ ခေါ်တယ် ...အကုသိုလ်ခွေးက မှီတာနဲ့ အပါယ်လေးဘုံကို ချက်ချင်း ဆွဲချတယ် ... ကုသိုလ်ခွေးက မှီတာနဲ့ သံသရာမှာ ခဏ ပျော်အောင် ထားပြီး ပြီးရင်တော့ အပါယ်လေးဘုံကို ပြန်ဆွဲချတာပဲ ... မထူးဘူး ... ကိုက်တတ်တဲ့ ခွေးတွေချည်းပဲ ... အပါယ်လေးဘုံက ခင်ဗျားတို့ ရဲ့ အမြဲနေအိမ်ဆိုတာ မြဲမြဲ မှတ်ထားကြ ..

( ၃၁ ) ဘုံက ၀ဋ်ဘုံ ... ခင်ဗျားတို့ ကုသိုလ်ပဲ လုပ်လုပ် အကုသိုလ်ပဲ လုပ်လုပ် ၀ဋ်တွေကို လုပ်နေတာပဲ ... ၀ဋ်တွေလုပ်ရင် ၀ဋ်ပြန်ခံရမယ် ...အဲ့ ၀ဋ်တွေကို ဖြတ်တဲ့ ၀ိပဿနာ လုပ်မှ ခင်ဗျားတို့ ၀ဋ်ကောင်ဘ၀ က လွတ်မယ် ....

ခင်ဗျားတို့က အတိတ်တွေကို မေ့နေကြလို့ ... အ၀ိဇ္ဇာတွေ ဖုံးနေလို့ မမှတ်မိတာ .... ခင်ဗျားတို့ ငရဲ အကြိမ်ကြိမ် ကျဖူးခဲ့ပြီ ... ပင်ပန်း ဆင်းရဲခြင်း ကြီးစွာနဲ့ အကြိမ်ကြိမ် ငရဲဒဏ်ကို ခံဖူးပြီ ... နောင်တရလို့ ငိုကြွေး မြည်တမ်းတာလည်း မနည်းတော့ဘူး ....အပြစ်ကုန်လို့ အခု လူ့ ဘ၀ ပြန်ရောက်တော့ ဘာလို့ ၀ဋ်တွေကို ပြန်လုပ်နေကြသလဲ ... ဘာလို့ ဒုက္ခဆင်းရဲတွေ နောင်တတွေ မေ့ပြီး
ကိလေသာ တောမှာ တဖန် ပျော်ပါး မြူးတူးနေကြသလဲ ...

ခင်ဗျားတို့ ပျော်ပါး မြူးတူးတာက ခွေး အမဲရိုးရလို့ ပျော်နေသလိုမျိုး ဖြစ်နေတယ် ...
အသတ်ခံရနီး ဆဲဆဲ နွားက ကိုယ်သေမှာ မသိပဲ မြက်စားရလို့ ပျော်နေသလိုမျိုး ဖြစ်နေတယ်....
ခင်ဗျားတို့ ကိလေသာတောမှာ မြူးတူးနေကြတာဖြင့် သေရတာ အားမရသေးလို့လား အပါယ်ငရဲ ကျရတာ အားမရသေးလို့လားလို့ မေးဖို့ပဲ ရှိတော့တယ် .... ခင်ဗျားတို့က မသိကြလို့သာ မကြောက်ပဲ နေနေကြတာနော့ .. ကျုပ်က သိလို့ ပြောနေတာ ....
လွတ်မြောက်ရာ အစစ်အမှန်ဖြစ်တဲ့ ၀ိပဿနာကို ကြိုးစား အားထုတ်ကြစမ်းပါ .....

ခင်ဗျားတို့က နိဗ္ဗာန်ဆိုတာ ဘာမှ မရှိဘူး ဆိုပြီး အသံကြားရုံနဲ့ ကြောက်နေကြတာ .....
တစ်ကယ်တမ်းက နိဗ္ဗာန်ဆိုတာ လူတွေ သတ်မှတ်တဲ့ ပညတ် စကားလုံးတွေနဲ့ အဓိပ္ပာယ် မဖော်နိုင်အောင် ပြီးပြည့်စုံတာပါ ...ဒါကြောင့် နိဗ္ဗာန်မှာ ပညတ် တစ်ခုမှ မရှိဘူးလို့ ပြောတာပါ .....
ဘာမှ မရှိတာ မဟုတ်ဘူး... ပြောပြလို့ မရနိုင်အောင်ကို အလုံးစုံ ပြီးပြည့်စုံခြင်းပါ ...

ဒါကြောင့် ခင်ဗျားတို့ နောက်ဆံတင်း မနေကြစမ်းပါနဲ့ ရဲရဲကြီးသာ ကြိုးစားအားထုတ်လိုက်ကြစမ်းပါ ....
နိဗ္ဗာန် မြင်ဖူးသူတိုင်း ၀ိပဿာနာ အားထုတ်မိလို့ နောင်တရတယ်ဆိုတာ ထုံးစံ မရှိပါဘူး ....
ရဲရဲကြီးသာ စတင် အားထုတ်ကြစမ်းပါ ....

သာသနာ နှစ် ၅၀၀၀ ဆိုပေမယ့် ခင်ဗျားတို့ အသက်ရှင်သလောက်ပဲ သာသနာက ရှိတော့တယ် ...
ခင်ဗျားတို့ ဒီလောဘ ဒေါသ မောဟ မာန်မာန တွေနဲ့ သေရင် အပါယ်လေးဘုံက တက်ရမှာ မဟုတ်ဘူး ....
ကျန်တဲ့ သာသနာ ၂၅၀၀ မပြောနဲ့ နောင်ပွင့်မယ့် အရိမေတ္တယျ မြတ်စွာဘုရားတောင် မှီမှာ မဟုတ်ဘူး ....

ခင်ဗျားတို့ နောက်မကျသေးပါဘူး ....
နိုင်ငံရေး သာရေး နာရေး လူမှုရေး ပညာရေး သားသမီးရေး လင်ရေး မယားရေး စီးပွားရေး ဒါတွေကို အရေးမကြီးကြပါနဲ့ဦး ...ကိုယ့်အရေးကိုယ် အရင် အရေးကြီးကြစမ်းပါဦး ....ကိုယ့်အရေး ပြည့်စုံပြီ ဆိုရင်ဖြင့် အလိုလို သူတစ်ပါး အရေးကို ကျေးဇူးပြုလာနိုင်မှာပါ ... အရိယာ ပုဂ္ဂိုလ်ကြီးတွေ တဖြောင်းဖြောင်း ပွင့်မယ့် ခေတ်ကြီးမှာ တစ်ခါတည်း ပါအောင် ရဲရဲကြီးသာ ကြိုးစား အားထုတ်လိုက်ကြစမ်းပါ ....

ခင်ဗျားတို့က ၀ိပဿနာ ဆိုရင် အသံကြားရုံနဲ့ ကြောက်နေကြတာ ... ထွက်ပြေး တိမ်းရှောင်နေကြတာ ...
တစ်ကယ်တော့ ၀ိပဿနာ ဆိုတာ ဘယ်လိုမှ ညာလိုမှ အဲ့လို မဟုတ်ဘူး ... လူဝတ်နဲ့လည်း ကျင့်လို့ရတာပဲ ရဟန်းဝတ်မှ ကျင့်လို့ရတာ မဟုတ်ဘူး .... လောကီ ကိစ္စတွေ အကုန် အပြတ် စွန့်နိုင်မှ လုပ်လို့ရတာ မဟုတ်ဘူး .. လုပ်ရင်း ကိုင်ရင်းနဲ့လည်း ကျင့်လို့ရတယ် .....

ကိုယ်က မစွန့်နိုင်သေးလို့ တဏှာ ရာဂ တွေ လုပ်နေမိရင်တောင်မှ တရားအသိလေးနဲ့ နှလုံးသွင်းနေရင် အေးချမ်းတယ် ... နောက် တဖြည်းဖြည်းနဲ့ နှလုံးသွင်းပါ များလာရင် အဲ့ဒီ တဏှာ ရာဂ တွေရဲ့ ပူလောင်မှုကို ကိုယ်တိုင်သိပြီး အလိုလို စိတ်ကုန်ပြီး အလိုလို စွန့်သွားလိမ့်မယ် ....

မစွန့်ချင်ပဲ စွန့်ရမှာ မဟုတ်ဘူး .... မိမိ စိတ် အလိုရ ကို အလိုလို စွန့်သွားမှာ .....လုပ်ပါ ဆိုလို့တောင် မလုပ်ချင်တော့ဘူး .....အခြေအနေအရ လုပ်နေရတယ်ဆိုရင်တောင် ကိုယ်က အစွဲမရှိတော့ရင် အကုသိုလ် မဖြစ်ဘူး .... ငြိမ်းချမ်းဖို့ပဲ ဖြစ်နေလိမ့်မယ် ... အဓိက က တရားအသိလေးနဲ့ နှလုံးသွင်းနေဖို့ပဲ ....ကဲ ဘယ်မှာလဲ ကြောက်စရာ ... တရားကိုသာ နှလုံးသွင်းနေစမ်းပါ .. အရာရာ တရားက ဆောင်သွားပါလိမ့်မယ် ..

ဘုရား အနှစ်သက်ဆုံး ဖြစ်တဲ့ ပူဇော်ခြင်း ၊ တစ်ခုတည်းသော ဘုရား သာဓု ခေါ်တဲ့ အလှူဟာ ၀ိပဿနာ အလှူ တစ်ခုပဲ ရှိပါတယ် .... ဗုဒ္ဓ ဘာသာဝင် လို့ ကိုယ့်ကိုယ်ကို ခံယူရင်ဖြင့် ဘုရား အနှစ်သက်ဆုံးဖြစ်တဲ့ ၀ိပဿနာ အလှူနဲ့ စတင် ပူဇော်ကြစမ်းပါ ......

စာရေးသူ တိုက်တွန်းချက် ။ ။ ကျနော်တို့ဟာ လောကီ အမှုကိစ္စ အ၀၀နဲ့ ရှုပ်ထွေးပွေလီဆဲ ဖြစ်ပါတယ် ..
ရသေ့ ရဟန်း ၀တ်ပြီးတော့လည်း စုံလုံးပစ်ပြီး အားမထုတ်နိုင်သေးပါဘူး .....
ပြည့်စုံမှ တရားဘက် ကူးမယ်လို့တော့လည်း မတွေးပါနဲ့ ....
အလိုဆန္ဒဆိုတာ ဘယ်တော့မှ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး ...
ဒါကြောင့် လုပ်ရင်း ကိုင်ရင်းနဲ့ပဲ တရားအသိလေး နှလုံးသွင်းပြီး ၀ိပဿနာ ဘက်ကို ကူးရမှာပါ ... အထက်က ဆိုခဲ့သလိုပဲ နှလုံးသွင်းပါ များရင် သူ့ အလိုလို တစ်ခုပြီး တစ်ခု စွန့်လွှတ်သွားပါလိမ့်မယ် ...

ပါရမီ မရှိသေးရင် ပါရမီ ကို ဖြစ်တည်စေပြီး ပါရမီ နည်းသူကိုတော့ ပါရမီ ရင့်သန်စေပါတယ် ...
ပါရမီ ရင့်သန်ပြီးသူကိုတော့ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားသိမြင်နိုင်ပြီး အလုံးစုံ ပြီးပြည့်စုံ ငြိမ်းချမ်းရာ
နိဗ္ဗာန်ကို ပို့ဆောင်ပေးပါလိမ့်မယ် ... အချိန်အားမှ နောင်မှ အပြတ်တွယ်မယ်ဆိုတဲ့ အယူလေးတွေကိုလည်း စွန့်လွှတ်ဖို့ တိုက်တွန်းချင်ပါတယ် .... ဘာလို့လည်း ဆိုတော့ ကျနော်တို့ဟာ မျက်စိ တစ်မှိတ် အတွင်း သေဆုံး သွားနိုင်လို့ပါပဲ ....

လူသားတိုင်းဟာ အပါယ်လေးဘုံကို မသွားချင်ကြပါဘူး ..... ဒါပေမယ့် သေတဲ့အခါမှာ တော်တော် များများကြီးကို အပါယ် ကျပါတယ် ...
မြတ်စွာဘုရားက လက်သည်းပေါ် မြေမှုန်လေးတွေ တင်ပြီး လူတွေ သေလွန်ရင် ဒီလက်သည်းခွံပေါ်က မြေမှုန်လောက်ပဲ သုဂတိ ဘုံ ကို ရောက်မယ် ကျန်တဲ့ ကမ္ဘာမြေကြီးလောက် ရှိတဲ့သူတွေက အပါယ်လေးဘုံကို သွားရမယ်လို့ အတိအလင်း ဟောထားပါတယ် ... အဲ့ဒီ အပါယ်သွားတဲ့ သူတွေထဲမှာ အချိန်အားမှ နောင်မှ အပြတ်တွယ်မယ်ဆိုတဲ့ အယူလေးတွေကို ဆုပ်ကိုင်ပြီး သေဆုံးသွားတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီး ပါပါတယ် .... ဒါကြောင့် ဘာကိုပဲ လုပ်လုပ် မကောင်းတာပဲ လုပ်လုပ် ကောင်းတာပဲ လုပ်လုပ် တရား အသိလေးနဲ့ စတင် နှလုံးသွင်းပြီး လုပ်ဖို့ စေတနာ ရှေ့ထားပြီး အလေးအနက် တိုက်တွန်းပါတယ် ခင်ဗျာ ....

အားလုံးပဲ ငြိမ်းချမ်းနိုင်ကြပါစေဗျာ ....




0 ဝေဖန်မှု: