သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

3.5.09

ဒါန သီလ သမထ ၀ိပဿနာ




အားလုံးပဲ မင်္ဂလာပါ ခင်ဗျ ...
မရေးဖြစ်တာလည်း ကြာပါပြီ ..
ကျနော့် ဘလော့လေး ခြောက်ကပ်လို့ နေတာလည်း သိပါရဲ့ ...
သင်္ကြန်တုန်းကတည်းက ကိုကြီးဖိုးစိန် မမီးငယ် က ကျနော့်ကို ခဏ ခဏ ရေးခိုင်းနေတာပါ ...
ဒါပေမယ့် ကျနော့်မှာ သင်္ကြန်နဲ့ ပတ်သက် လို့ ဘာရေးရမှန်းကို မသိပါဘူး ....
အခု ညီမတော် မီးလေးဇာကလည်း ထပ်ပြီး တဂ်ထားပါတယ် ...
သုံးယောက်စလုံး ဒီပို့စ်နဲ့ပဲ ကျေနပ်ပါလို့ တောင်းဆိုပါတယ် ... :)

ဒါန သီလ သမထ ၀ိပဿနာ အကြောင်းလေးကို နည်းနည်း ဆွေးနွေးချင်လို့ ဒီပို့စ်လေးကို ရေးလိုက်ရတာပါ .
ကျနော့် စိတ်နဲ့ပဲ ပြောတော့မယ်ခင်ဗျ ....
ကျနော်ဟာ ဟိုးအရင်ကတည်းက နှမျောတတ်တဲ့ အကျင့် မရှိပါဘူး...
ဒါကြောင့်လည်း လက်ထဲမှာ ပိုက်ဆံ မြဲတယ်ရယ်လို့ တစ်ခါမှ မရှိတာပါ ... တစ်နေရာရာမှာ အလှူခံပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် ကလေးပဲ ဖြစ်ဖြစ် ခွေးပဲ ဖြစ်ဖြစ် ပိုးကနဲ ပက်ကနဲ့ လက်ထဲရှိတာကို ပေးတတ် ကျွေးတတ်ပါတယ် ...
ဒါပေမယ့် အဲ့လို လှူလိုက်တိုင်းမှာ ငါ သူတို့လိုမျိုး ဘယ်သောအခါမျှ မလိုအပ် ပါရစေနဲ့လို့ ဆုတောင်း တတ်ပါတယ် ...
ပြောရမယ်ဆိုရင်တော့ အကျိုးလိုလို့ ညောင်ရေလောင်းခဲ့တာပါ ... တစ်ခါတစ်လေများဆိုရင် နည်းနည်းလှူပြီး မတန်တဆ ဆုတောင်းတတ်သေးတယ် ... သိန်းဆုကြီးပေါက်ပါစေ အထုတ်ကြီး အထည်ပြီး ရပါစေ ဘာညာပေါ့ .. စီပွားရေး အလှူပေါ့ ...

တစ်ကယ်တမ်း ဘုရားဖြစ်စေချင်ခဲ့တဲ့ ဒါနက စွဲမက်တတ်တဲ့ အလို လောဘ ကို သတ်ဖို့ပါ .. လောဘနည်းပြီး စိတ်ကလေး ဖြူနေမှ တရားအားထုတ်ရင် ရလွယ်မှာမို့လို့ပါ ...
ရေမြင့်ရင် ကြာတင့်သလိုပါပဲ ...
အဲ့လို လောဘ ကို သတ်ချင်စိတ်နဲ့ လှူတာပဲ ဖြစ်ဖြစ် ကိုယ့်အကျိုးအတွက် မမျှော်မှန်းပဲ အလှူခံ ပုဂ္ဂိုလ်ရဲ့ အကျိုးကိုကြည့်ပြီး လှူတာပဲ ဖြစ်ဖြစ် လောကီ အကျိုးက အလိုလိုပါပြီးသားပါ ...
ဒါကို ကြည့်ပြီး ဒါန လုပ်ရင် ချမ်းသာမယ် ပြည့်စုံမယ် အဲ့လိုတွေ စွဲလာကြတာပါ ... လောဘ ကို သတ်ဖို့ပါဆိုမှ လောဘ တွေ ထပ်ဖြစ်နေတော့ စဉ်းစားသာ ကြည့်ကြပါ ..... ကောင်းကျိုးချမ်းသာ ရနိုင် မရနိုင် ...

သီလ ဆိုရင်လည်း စောင့်ဖူးပါတယ် .... ဒါပေမယ့် နောက်မှ သိတာက ကျနော် စောင့်ခဲ့တာတွေက ခွေးဥပုသ် ၀က်ဥပုသ်တွေတဲ့ ...
၁၂ ကျော်ရင် ထမင်း မစားရဘူးဟ ဆိုပြီး ၁၂ မထိုးခင် နင်းကန်စား ညနေထိ ဗိုက်မဆာအောင် အ၀အပြဲ စား
ပြီးတော့ တနေကုန်အိပ် ... အဲ့ဒါ ၀က်ဥပုသ်တဲ့ ....
တစ်ခါ ည ၁၂ ကျော်တော့မယ်ဟေ့ လုပ်ချင်တာ လုပ်လို့ရပြီကွ .. ဆွဲရတော့မယ် ဖဲ့ရတော့မယ် ...
လုပ်ချင်တာ လုပ်ရတော့မယ် ... အဲ့လို အာသာ ငမ်းငမ်းကြီးနဲ့ စောင့်နေတာက ခွေးဥပုသ် တဲ့ ...
ပြီးတော့ ကျနော် သီလ ယူပြီ ဆိုရင် ရှစ်ပါးသီလ ပဲ ယူယူ ငါးပါးသီလ ပဲ ယူယူ ဘယ်သော အခါမှ အဲ့သီလကို အောက်မေ့ဆင်ခြင်ပြီး ပွားများနေတာမျိုး တစ်ခါမှ မလုပ်ဖူးပါဘူး ...
တစ်ကယ်တမ်းကျတော့ ကျနော် မေ့ထားတာပါ .. အဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ
သတ်မှတ်ထားတဲ့ ဟာတွေကို မလုပ်မိအောင် တမင်မေ့ထားတဲ့ သဘောပါ .. တရက်ကုန်သွားရင် ငါ သီလ တစ်ရက် စောင့်ပြီးပြီဟ ဆိုပြီး အထင်အမြင် လွဲတတ်ပါသေးတယ် ...
ထောင်ကျနေတဲ့သူဟာ လုပ်ခွင့်မရှိလို့ ဘာမှ မလုပ်သလိုပါပဲ ...
အဲ့လူကို သီလ စောင့်တယ်လို့ ပြောလို့ မရပါဘူး ...
ကျနော်ဟာလည်း သေချာ နားမလည်တော့ သီလ က စိတ်ရဲ့ ထောင်တစ်ခုလို ဖြစ်ပြီး လုပ်ခွင့်မရှိလို့ မလုပ်တာပဲ ရှိပါတယ် ...
ဘယ်လိုမှ သီလ အရာ မမြောက်ပါဘူး ....

တစ်ကယ်တမ်း ဘုရားဖြစ်စေချင်တဲ့ သီလ က စိတ်ခံစားမှု အမျိုးမျိုးဖြစ်တဲ့ ဒေါသ တရားကို သတ်ဖို့ပါ ....
ခံစားမှု နည်းပြီး စိတ်ကလေး တည်ငြိမ်နေမှ တရားအားထုတ်ရင် ရလွယ်မှာမို့လို့ပါ ...
အခုက သတ်မှတ်ထားတာတွေ မလုပ်ဖြစ်အောင်တော့ နေပါရဲ့ ...
ဒါပေမယ့် အောက်မေ့ဆင်ခြင်ခြင်းလည်း မရှိ ပွားများခြင်းလည်း မရှိ
တနေကုန် အိပ်လိုက် လုပ်ချင်တာလေးတွေ လုပ်နေလိုက်နဲ့ အချိန်ကုန်ဖို့ပဲ ထိုင်စောင့်နေတယ် ...
သီလရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ ဆင်ခြင်ခြင်း မရှိတော့ ကိုယ့်စိတ်နဲ့ ကိုယ် ရန်ဖြစ်ပြီး မကျေနပ်ခြင်းတွေက ၀င်လာပါတော့တယ် ....

နေ့လွှဲညစာ ရှောင်တယ်ဆိုတာကလည်း ရည်ရွယ်ချက်လေးကို သိဖို့ လိုအပ်ပါတယ် ...
ညနေစာ တစ်နပ်စာအတွက် ဈေးဝယ်ထွက်ရခြင်း ချက်ပြုတ်ရခြင်းတွေ လုပ်ရတဲ့ အခါကျတော့ တရားအားထုတ်ဖို့ အချိန်ပုတ်ပါတယ်..
ပြီးတော့ တရားအားထုတ်ပြီး စိတ်ငြိမ်းချမ်းနေတဲ့ သူတစ်ယောက်အတွက် အဟာရက တစ်နပ်ဆိုရင် လုံလောက်ပါတယ် ...
ဒါအပြင် ညနေစာကို ရှောင်တဲ့ အတွက် အဲ့အပေါ် စွဲမက်တဲ့ ကိလေသာကို သတ်နိုင်ပြီး တရားထိုင်တဲ့ အခါမှာ
ထိနမိတ္တ ဆိုတဲ့ ငိုက်မြည်းခြင်း အန္တရယ်ကနေ လွတ်မြောက်ပြီး စိတ်ကြည်ကြည်လင်လင် နဲ့ တရားအားထုတ်နိုင်ပါတယ် ....
အခုက တရားလည်း မထိုင် ...အောက်မေ့ဆင်ခြင်ခြင်းလည်း မရှိ .... ပွားများခြင်းလည်း မရှိ ....
လုပ်ချင်တာတွေ လုပ် ..တွေးချင်တာတွေ တွေး ... ညနေစာ မစားနဲ့ ဆိုလို့သာ မစားရတယ် ....
ဘာရည်ရွယ်ချက်မှန်းလည်း မသိ ... တံတွေး ဂလု ဂလု နဲ့ ကြိတ်မှိတ်ပြီး အချိန်မြန်မြန် ကုန်ပါစေပဲ ထိုင်ဆုတောင်းနေတယ် ...
ဒေါသ ကို သတ်ဖို့ပါဆိုမှ ဒေါသတွေ ကိလေသာ တွေ တဖွားဖွားနဲ့ ဆိုတော့ စဉ်းစားကြည့်ပါဦး ...
အဲ့ သီလ က ကောင်းကျိုး ရနိုင် မရနိုင် ....

သမထ ဆိုတာကတော့ မြင်နိုင်ဖို့ပါတဲ့ ...စိတ်တန်ခိုး တည်ဆောက်တာပါပဲ ....
စိတ်မှာ ဖြစ်နိုင်တဲ့ စွမ်းအင်တွေ အများကြီး ရှိပါတယ် ...
ကျနော် ဟိုးအရင်က အရမ်း စိတ်ဝင်စားပါတယ် ....
မျက်စိ နား နှာခေါင်း လျာ ကိုယ် စိတ် ဆိုတဲ့ အာရုံခြောက်ပါး အပြင် သတ္တမ အာရုံဆိုတဲ့ စိတ်တန်ခိုးကို
အရမ်း ရချင်ခဲ့တာပါ .... 3th eye လို့လည်း ခေါ်ပါတယ် ...
စိတ်ကို ထိန်းချုပ်ခြင်း တနေရာထဲမှာ တည်ကြည် စူးစိုက်နေခြင်း အကြောင်းအရာ တစ်ခုခုကို အထပ်ထပ် အခါခါ ပွားများ ဆင်ခြင်ခြင်း စသည်တို့ဖြင့် စိတ်ရဲ့ တန်ခိုးကို ရနိုင်ပါတယ် ....
သမထ တန်ခိုးဟာ မှန်ပြောင်းနဲ့ တူပါတယ် ... ဘယ်အရာကို မဆို ကွက်ကွက် ကွင်းကွင်း မြင်နိုင်အောင် သာမာန်ထက် ပိုလွန်ပြီး သိနိုင် မြင်နိုင်အောင် အထောက်အကူ ပေးပါတယ် ...
တစ်ခု သတိထားရမှာက အသုံးမပြုတတ်ရင်တော့ အရမ်းကို အန္တရယ် များပါတယ် ....မြင်းကို ဂျို တပ် ပေးသလို ဖြစ်တတ်ပါတယ်...
ဗုဒ္ဓဘုရားရှင် လက်ထက်က မြေမျိုသွားတဲ့ ဒေ၀ဒတ် ဟာ ဆိုရင်ဖြင့် သမထ အစွမ်းနဲ့ စိတ်တန်ခိုးတွေ လောကီ ဈာန် အဘိန်ဥာဏ်တွေ ရထားတဲ့ သူတစ်ယောက်ပါ ....ဒါပေမယ့် မကောင်းတဲ့ ဘက်မှာ သုံးခဲ့မိတဲ့ အတွက် အခုဆို ငရဲမှာ ခံနေရတုန်းပဲ ရှိပါတယ် ...
ကောင်းမွန် မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ သမထ ကို တည်ဆောက်ခဲ့တဲ့ သူတွေကျတော့ သစ္စာ စကား တစ်ခွန်း ကြားလိုက်တာနဲ့တင်ပဲ
ဒိုင်းကနဲ့ အသိဥာဏ်တွေ ပွင့်ထွက်ပြီး သိလွယ် မြင်လွယ် တရားရလွယ်ပါတယ် ... သက်သေ သာဓကတွေလည်း ရှိပါတယ် ....
ဒါကြောင့် သမထ ဆိုတာလည်း သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေး ပါပဲ ခင်ဗျ ...

ဝိပဿနာ ဘာဝနာကတော့ မောဟ ဆိုတဲ့ အဆုံးမရှိတဲ့ အမှောင်ထဲက လွတ်မြောက်ဖို့ တဲ့ ....
တစ်ကယ့် အသိအမြင်ကို တဆစ်ချိုး ပြောင်းလဲစေတဲ့ ဆုံးမ စကားလေးတွေပါ ....

အရေးကြီးဆုံးပါပဲ .. သူ့ထက် အရေးကြီးတာ မရှိတော့ပါဘူး ...
ဘုရားဖြစ်စေချင်တဲ့ ဒါန သီလ သမထ က ၀ိပဿနာကို အထောက် အပံ့ ဖြစ်အောင်ပဲ ရည်ရွယ်ခဲ့တာပါ ...
ဒါန သီလ သမထ နဲ့ ၀ဋ်ဒုက္ခက မလွတ်ပါဘူး .. ၀ိပဿနာ လုပ်မှ လွတ်မှာပါ ....

ကျနော် နဲ့ ၀ိပဿနာ

ကျနော့် အသက် ၂၄ နှစ်လုံးလုံး တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး ...
ကျနော် ၀ိပဿနာ ရှိမှန်း စသိပြီး စလုပ်တာ ၄ လ မပြည့်သေးပါဘူး ....
ပြီးခဲ့တဲ့ ၂၄ နှစ်ကျော်လုံးလုံး ကျနော် ဘာတွေ လုပ်နေခဲ့သလဲ ... စဉ်းစားစရာပါ ...
ဘာသာရေး စာအုပ်တွေ ဖတ်တယ် .... ဇာတ်တော်တွေဖတ်တယ် ....
ဒါပေမယ့် အဲ့ဒီ စာအုပ်တွေရဲ့ တစ်ကယ့် ဆိုလိုရင်းကို မသိခဲ့ပါဘူး ...
ငါ ဗုဒ္ဓဘာသာ ဆိုတဲ့ အစွဲနဲ့ ဘာသာခြားတွေနဲ့ ယှဉ်ပြောရင် ပြောနိုင်အောင် ...
ဘာသာရေး ဗဟုသုတ ရှိအောင် သူငယ်တန်းကလေး ကျောင်းစာတစ်ပုဒ်ကို ဖတ်သလိုပဲ ဖတ်ခဲ့တာပါ ... ကြက်တူရွေး စာဖတ်သလို ရွတ်နေခဲ့တာပါ ...
ကိုယ်ကြိုက်တာလေးတွေ ရွေးဖတ်ပြီး ကိုယ်ထင်ရာ အမှန်တရား လုပ်ခဲ့တာပါ ....
့ပြီးတော့ ကိုယ်လို သူလို ကြက်တူရွေးတွေနဲ့ စကားနိုင်လုပြောဖို့ ဘုရားဟောကို လက်နက် တစ်ခုလို အသုံးချခဲ့တာပါ ...
ပြီးတော့ အရူးအချင်းချင်း အပေါက်အလမ်းတည့်ပြီး အရူးပြုံးတွေ ပြုံးလို့ ကိုယ့်ကိုယ်ကို ဘုရားလောက် နီးနီး အထင်ကြီးခဲ့တာတွေ လည်း ရှိပါတယ် ....

ကျနော်ဟာ တစ်ကယ့် သူတစ်ပါး ပါးစပ်ဖျားမှာ လမ်းဆုံးခဲ့တဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ခဲ့တာပါ .
မိဘက တစ်ခြား ဘာသာဝင် ဆိုရင်လည်း အထက်ကလိုပဲ ဘုမသိ ဘမသိ သူတစ်ပါး ပြောတာပဲ ယုံပြီး ကျနော်လည်း အဲ့ဘာသာဝင် တစ်ယောက်ပဲ ဖြစ်ခဲ့ဦးမှာပါ ... လက်တွေ့ ကျ မကျ မစဉ်းစား မဆုံးဖြတ်ပဲ ကိုယ်တိုင် လက်တွေ့ကျကျ အဖြေရှာမကြည့်ပဲ ငါ့ဘာသာ ဆိုတဲ့ အစွဲနဲ့ပဲ ရူးဖို့ ကြိုးစားဦးမှာပါ ...

တစ်ကယ်တမ်း ဘုရားဖြစ်စေချင်တဲ့ ဗုဒ္ဓဘာသာက အဓိပ္ပာယ်တစ်လုံးမှ မသိပဲ သူတစ်ပါးပြောသမျှ ခေါင်းငြိမ့်ပြီး သူတစ်ပါး ပါးစပ်ဖျားမှာ လမ်းဆုံးနေတာမျိုး မဟုတ်ပါဘူး ....
လက်တွေ့ကျကျ ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး ဘုရားဟော တရားနဲ့ ခန္တာက ဟောတဲ့ တရား တိုက်ကြည့် မှန်ကန်ပြီးမှ လက်ခံ ယုံကြည်လာတဲ့ ဗုဒ္ဓဘာသာမျိုး ဟာ ဘုရားဖြစ်စေချင်တဲ့ ဗုဒ္ဓဘာသာပါပဲ ....

ဝိပဿနာ ဘာကြောင့် အားထုတ်သင့်သလဲ
ဒီပို့စ်မှာတော့ ၀ိပဿနာ ဘာကြောင့် အားထုတ်သင့်သလဲ ဆိုတာပဲ ဆွေးနွေးပါ့မယ် ခင်ဗျ ...

ကျနော်တို့ တရားမှတ်တယ်ဆိုတာ တစ်ခုခုကို လိုက်ရှာရမှာ မဟုတ်ပါဘူး ...လုပ်ယူရမှာလည်း မဟုတ်ပါဘူး
တစ်ကယ့် အရှိဖြစ်တဲ့ ပရမတ်တရားကို မြင်အောင်ကြည့်ရမှာပါ .. ရှိပြီးသားပါ မြင်အောင်ပဲ ကြည့်ရမှာပါ ....

တစ်နည်းအားဖြင့် မတည်မြဲခြင်း ဘာမှမရှိခြင်းပဲ အမြဲ ရှိတာကို ပရမတ် လို့ ခေါ်တာပါ ....
ပရမတ် = 0 ပါပဲ .....
ပရမတ် = 0 ဖြစ်နေတဲ့ အချိန်မှာ ကံ ဟာလည်း 0 ပါပဲ ...
ဘာမှ တည်မြဲခြင်း မရှိတဲ့ ပရမတ်တွေကို ကျနော်တို့ က အစွဲတွေနဲ့ အရှိလုပ်ပြီး ဘာတွေ ညာတွေ အချစ် အမုန်း အဲ့လို ခံစားမှုတွေ အမျိုးမျိုး ခွဲခြား သတ်မှတ် ခံစားတာကြောင့် နဂိုရှိတဲ့ ပရမတ် ကွယ်ပြီး
တစ်ကယ် မရှိတဲ့ သတ်မှတ်ချက်တွေ ပေါ်လာပါတယ် .. ကံဟာလည်း 0 မှာ မရပ်တည်နိုင်တော့ပဲ အကုသိုလ် ကံ ကုသိုလ် ကံ ရယ် လို့ ပေါ်လာပြီး ကံ ကံ၏သဘော အရ ဒီ အကုသိုလ်ကံ ကုသိုလ်ကံတွေ ကို ပြန်လည် ခံစားဖို့ နောက် ခန္တာ တစ်ခု ဘ၀ တစ်ခုကို ပြန်လည် ဖန်ဆင်း ပေးတော့တာပါပဲ ... ဒီမှာပဲ ပဋိစ္စသမုပ္ပါဒ် သံသရာ လည်တော့တာပါပဲ ...

( ဒီနေရာမှာ နောင်ဘ၀ ရှိတယ် ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး သံသယ ၀င်လာနိုင်စရာ ရှိပါတယ် ....
လက်ဆုပ်လက်ကိုင် ပြဖို့ဆိုတာတော့ မဖြစ်နိုင်တဲ့ ကိစ္စပါ ...
အနီးစပ်ဆုံး ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ပတ်ဝန်းကျင်မှာ မကြာခဏ ကြုံတွေ့နေရတာ ကြားသိနေရတာတွေ ရှိပါတယ်....
မွေးလာကတည်းက အမာရွတ်တွေ ပါလာတာတို့ ..... ဟိုးအရင်ဘ၀ က ဖြစ်ရပ်တွေ မိဘတွေ ဆွေမျိုးတွေ နေရပ်တွေကို မှတ်မိပြီး ပြန်လည်ပြောပြနိုင်တာမျိုးတို့ ... တစ်ခါမှ မတွေ့ဖူးတဲ့ လူတစ်ယောက်ကို စတွေ့လိုက်တာနဲ့ အရမ်းရင်းနှီးနေသလို ခံစားလိုက်ရတာတို့ ...
မြင်မြင်ချင်း ချစ်တာတို့ မုန်းတာတို့..... လူဝင်စားတွေ မွေးတာတို့ ...အများကြီးပါ .. ဒါတွေဟာ နောင်ဘ၀ ရှိတယ် ဆိုတဲ့ သက်သေ ပြချက်တွေပါပဲ ... )

ကျနော်တို့ ဟာ ဒီလို ဘာမှ မရှိတဲ့ အစွဲတွေကို ဆုပ်ကိုင်ခဲ့တာကြောင့် ဟိုး အစမမြင်နိုင်တဲ့ သံသရာ အရှည်ကြီးကို ဖြတ်သန်းခဲ့ဖူးပါပြီ ..
တိရစ္ဆာန် သတ္တ၀ါ မျိုးစုံလည်း ဖြစ်ခဲ့ဖူးပါပြီ .... ၀ဋ်ဆင်းရဲ အမျိုးမျိုးလည်း ခံစားခဲ့ဖူးပါပြီ ....
သူတစ်ပါးသတ်လို့ သေခဲ့ရတဲ့ လည်ချောင်းသွေးတင်ပဲ သမုဒ္ဒရာ လေးစင်း မက ရှိခဲ့ပါပြီ ......
ဝမ်းနည်း ပူဆွေးလို့ ကျခဲ့ရတဲ့ မျက်ရည်တွေလည်း သမုဒ္ဒရာ လေးစင်း မကတော့ပါဘူး ....
အရိုးတွေလည်း တောင်လို ပုံခဲ့ပါပြီ ..... ဒီကမ္ဘာမြေကြီးမှာ ကျနော်တို့ မသေဖူးတဲ့ နေရာ အလောင်းမမြုပ်ဖူးတဲ့ နေရာ မရှိပါဘူး ..
တစ်နေရာတည်းမှာကို အထပ်ထပ် အခါခါ မြုပ်နှံခဲ့ဖူးပါပြီ ...
ဒီဘ၀မှာလည်း ဆက်လက်ပြီး တစ်ကယ်မရှိတဲ့ စိတ်အစွဲတွေကို အရှိလုပ်ပြီး ရူးကြဦးမယ် ဆိုရင် ဟိုး အဆုံးမရှိတဲ့ သံသရာကြီးထဲကို ကျနော်တို့ ဆက်လက်မျှောကြဦးမှာပါ ...
တိရစ္တာန်အမျိုးမျိုး ဖြစ်ကြဦးမှာပါ ... ၀ဋ်ဆင်းရဲ အမျိုးမျိုးခံရဦးမှာပါ ... လည်ချောင်းသွေးတွေ စီးဦးမှာပါ ... မျက်ရည်တွေ ဖြိုင်ဖြိုင်ကြဦးမှာပါ .
အရိုးတွေ တောင်လို ပုံဦးမှာပါ ... ဘယ်အချိန်မှာများ အဆုံးကို ရောက်မှာပါလိမ့် .....

ဘုရားရှင်ကတော့ လက်သည်းခွံပေါ် မြေမှုန်လေးတွေ တင်ပြီး ပြောဖူးပါတယ်....
မင်းတို့ သေရင် လက်သည်းခွံပေါ်က မြေမှုန်လေးတွေလောက်ပဲ ကောင်းရာ သုဂတိ ရောက်မယ် ... ကျန်တဲ့ ကမ္ဘာမြေကြီးလောက် ရှိတဲ့ လူတွေက ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ် အဲ့ဒီ အပါယ်လေးဘုံကိုပဲ သွားရမယ်တဲ့ ....

ဆရာတော်ဘုရားကြီးတွေ ရဲ့ စကား တစ်ချို့ကိုလည်း အမှတ်ရမိပါတယ် ...
ခင်ဗျားတို့ရဲ့ မသိစိတ်လေး မှာ ဆတ်ကနဲ ဖြစ်သွားတဲ့ အကုသိုလ်စိတ်လေး တစ်ခုက တောင်မှ ငရဲ တစ်ခါကျဖို့ လုံလောက်တယ် ...
ခင်ဗျားတို့ ဒီလောက် လောဘတွေ ဒေါသတွေ ခံစားမှုတွေ ကိလေသာတွေ အတုံးလိုက် အတစ်လိုက် ထွက်နေတာ ၀ိပဿနာ မလုပ်လို့ကတော့ အပါယ်လေးဘုံက တက်ရမှာ မဟုတ်ဘူး တဲ့ ..
နောင်ပွင့်မယ့် အရိမေတ္တေယျ မြတ်စွာဘုရားကိုလည်း မျှော်မနေနဲ့ မှီမှာ မဟုတ်ဘူးတဲ့ ...
ခင်ဗျားတို့ အမြဲနေအိမ်က အပါယ်လေးဘုံ .... လူ့ဘ၀ ခဏ လာလည်တယ်ဆိုတာ မှတ်ထားကြတဲ့ ....

( လူ့ပြည် နှစ်တစ်ထောင် ငရဲ တစ်ရက်လို့ ကြားဖူးပါတယ် ... ဒေ၀ဒတ် တို့ အဇာတသတ် တို့ ငရဲခံနေရတာ နှစ်ရက်ခွဲပဲ ရှိပါသေးတယ် .... အဲ့လို နှစ်ပေါင်း သောင်းနဲ့ ချီ သိန်းနဲ့ ချီပြီး ငရဲခံရမှာပါ ..... ငရဲ တစ်ခု ကျလို့ကတော့ ဘုရားအဆူဆူနဲ့ လွဲမှာ အသေအချာပါပဲ )

ကျနော်တို့ ယခု လက်ရှိလက်ခံထားကြတာက ကျောက်ခေတ် ကြေးခေတ် သံခေတ် စက်မှုခေတ် ရယ်လို့ လူသား သမိုင်းကို လက်ခံထားပါတယ်..
ဒါပေမယ့် တစ်ဆက်တည်းမှာပဲ အဲ့ဒီ အစဦးလို့ သတ်မှတ်ထားတဲ့ ကျောက်ခေတ် အရင်မှာကိုက အရမ်း ခေတ်မှီတိုးတက်တဲ့ ခေတ်တစ်ခေတ် ရှိခဲ့တယ်လို့ ပြောဆိုကြပြန်ပါတယ် .... ဘယ်လိုတွေပဲ ပြောပြော ဘယ်သူမှ အတိအကျ မသိပါဘူး အားလုံးဟာ ခန့်မှန်းတွေပါပဲ ...
သိပ္ပံပညာ ဟာ အမြဲ ပြောင်းလဲနေသလို သိပ္ပံအမြင်ဟာလည်း အမြဲ ပြောင်းလဲနေတာပါပဲ ...
သေချာတာကတော့ လူသားတွေ အများကြီး မွေးဖွားခဲ့ကြတယ် ရှင်သန်နေထိုင်ခဲ့ကြတယ် သေဆုံးခဲ့ကြတယ် ..
အမှန်တရားတွေလည်း တစ်ယောက် တစ်မျိုးစီ ဆုပ်ကိုင်ခဲ့ကြတယ် ...
ကိုယ်ထင်ရာ အမှန်တရား လုပ်ခဲ့ကြတယ် ....
ဒါပေမယ့် အားလုံးသော ဆုပ်ကိုင်ခဲ့ကြတဲ့ အမှန်တရားတွေက လူတွေ သေတာနဲ့ ပျောက်ကွယ်ခဲ့ကြတယ် .....
ဘာတစ်ခု မှ အမြဲ မှန်ကန်ခြင်း တည်တန့် ခိုင်မြဲ ခြင်း မရှိပါဘူး ....

နောက်ဆုံးမှာ အမြဲ မှန်ကန်တာ ဆိုလို့ တစ်ခုပဲ ရှိပါတော့တယ် ... အဲ့ဒါကတော့ မွေးတယ် နေတယ် သေတယ် ပြောင်းလဲတယ် ...
ဒီသဘော တရားသာလျှင် အစဉ်မပြောင်းလဲတဲ့ တရားပါ .... အလုံးစုံသော ပြီးပြည့်စုံသော အစ အဆုံးရှိသော လူသား သမိုင်းပါပဲ ...
လူတွေ ဘာတွေ လုပ်ခဲ့တယ် ဘာပညာတွေ သင်ခဲ့တယ် ဆိုတာတွေကို လေ့လာမယ်ဆိုရင်တော့ သေသည်အထိ အဆုံး မရှိပါဘူး ..

လက်ရှိ အခြေအနေနဲ့ ဆက်စပ်ပြီး ပြောရမယ် ဆိုရင်တော့ ကျနော့် တို့ မွေးကတည်းက စိတ်တွေ အမျိုးမျိုးပြောင်းလဲခဲ့တယ် ....
ခံယူချက်တွေ ကိုယ်ထင်ရာ အမှန်တရားတွေ အမျိုးမျိုး ဆုပ်ကိုင်ခဲ့ကြတယ် ... စိတ်တွေ ပြောင်းလဲလာတာနဲ့ အမျှ အဲ့ အမှန်တရား တွေကလည်း ပျောက်ကွယ်ခဲ့ကြတယ်...
နောက်ဆုံးမှာ မပြောင်းလဲတာ ဆိုလို့ အဲ့လို ဖြစ်နေတဲ့ သဘော ပျောက်ကွယ်
သွားတဲ့ သဘော မတည်မြဲတဲ့ သဘောပဲ ရှိတော့တယ် ....
အဲ့လို အမြဲတမ်း ပြောင်းလဲနေတဲ့ သဘော ဖောက်ပြန် ပျက်စီးနေတဲ့ သဘော က ပရမတ် ပါပဲ ...
ဒီ ပရမတ်မှာပဲ အဆုံးရှိပါတယ် ...

ငွေနောက်ကို လိုက်ရင် ငွေကို ရှာလို့ကို မဆုံးပါဘူး ...
ပညာနောက်ကို လိုက်ရင်လည်း ပညာကို သင်လို့ကို မဆုံးပါဘူး ....
ခံစားမှုတွေနောက်ကို လိုက်ရင်လည်း ခံစားလို့ကို မဆုံးပါဘူး ....
သေသည် အထိ အဲ့ဒါတွေကို လိုချင် ရချင် ခံစားချင်တဲ့ ဇောတွေနဲ့ပဲ ပူလောင်ပြီး သေဆုံးသွားရမှာပါ ....
သေဆုံးပြီးရင်လည်း အပါယ်လေးဘုံက မတက်ရတော့ဘူး ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး ....

အဆုံးရှိတဲ့ ပရမတ်ကို မြင်အောင် ကြည့်မှသာ ငြိမ်းချမ်းမှာပါ ....

ပြုလုပ်လို့ ဖန်တီးလို့ ရှာဖွေလို့ ရတဲ့ အရာအားလုံးမှာ အဆုံး မရှိပါဘူး ...
ဘယ်သောအခါမှလည်း ဒုက္ခဆင်းရဲတွေ ပူလောင်မှုတွေထဲက လွတ်မှာ မဟုတ်ပါဘူး ....
လွတ်မြောက်ချင်ရင်တော့ ဒီ ပရမတ် တရားကိုပဲ မြင်အောင် ကြည့်ရမှာပါ ....

ဒါကြောင့် ခေါင်းက ဆံပင်ကို မီးလောင်တဲ့ အခါမှာ ကျန်တာ ဘာမှ ဂရုမစိုက်တော့ပဲ အလျှင်အမြန် ငြိမ်းသတ်သလိုပဲ ကျန်တာ ဘာရေး ညာရေး ကြီးမနေတော့ပဲ ၀ိပဿနာကို အလျှင်အမြန် ချက်ချင်း အားထုတ်သင့်ကြောင်း ဘုရားရှင်က ဟောကြားတော်မူခဲ့တာပါ ......

ဗုဒ္ဓဘာသာလို့ ခံယူပြီး ဒါန သီလ သမထ လောက်နဲ့ ကျေနပ်မနေပါနဲ့ ...
ဒါန သီလ သမထ က ဘာသာတိုင်းမှာ ရှိပါတယ် ...
သာသနာပ ကာလ မှာလည်း ရှိပါတယ် ...
ဒီ ပရမတ် ကို မြင်အောင် ဟောကြားပေးတဲ့ သစ္စာတရားကတော့ ဘုရားသာသနာ မှာပဲ ရှိပါတယ် ....

လူရယ်လို့လည်း ဖြစ်လာ ကြုံတောင့် ကြုံခဲ ဘုရားသာသနာနဲ့လည်း ကြုံဆုံနေရ ဒီသစ္စာတရားတွေကို ဟောကြားမယ့်သူလည်း ရှိ
ကိုယ့်မှာလည်း ဒီတရားတွေကို နာနိုင်တဲ့ နားလည်းပါနေတယ် .....
ဒီလောက် အကျိုးတွေ အကြောင်းတွေ ပြည့်စုံနေခြင်းဟာ ကံ အရမ်းကို ကောင်းခြင်းပါပဲ ...

ဒီထက် ပိုပြီးတော့ ကံက မကောင်းနိုင်တော့ပါဘူး ...
ဒါတောင်မှ မလုပ်သေးဘူး ဆိုရင်တော့ ကိုယ့်လောက် မိုက်တဲ့သူ ကိုယ်ပဲ
ရှိပါတော့တယ် .... ဘယ်တော့မှလည်း ဒုက္ခ ဆင်းရဲက လွတ်မှာ မဟုတ်တော့ပါဘူး ...
လူ့ဘ၀ ဆိုတာလည်း ဒါနောက်ဆုံးပါပဲ ... အပါယ်လေးဘုံက ကိုယ့်ရဲ့ အမြဲနေအိမ် ဖြစ်နေမှာကျိန်းသေပါပဲ ...

တရားထိုင်တဲ့အခါ မှားယွင်းတတ်တာလေးတွေကိုတော့ နောက်ပို့စ် တစ်ခုမှပဲ ဆရာတော်ကြီးတွေရဲ့ တရားတော်တွေထဲက ထုတ်နုတ်ပြီး ကျနော် ဥာဏ်မှီသလောက်လေး တင်ပြပါ့မယ်ခင်ဗျ ..

ကျနော်လည်းပဲ ဒုက္ခ ကို ဒုက္ခမှန်း သိအောင် ကြိုးစားနေဆဲ ဖြစ်တဲ့ လူတစ်ယောက်ပါပဲခင်ဗျ ...
တစုံတရာ အမှားအယွင်းပါခဲ့ရင် ကျနော့်ရဲ့ အမှားပါခင်ဗျ ...
အားလုံးပဲ ငြိမ်းအေး နိုင်ပါစေဗျာ ....

17 ဝေဖန်မှု:

nanwarwarmg said...

ဖတ်သွားတယ် မိုးသောက်ရေ...
ဒါနဲ့ ဆက်ဖတ်ရန်က ဖွင့်လို့မရဘူးရယ်...
ကောင်းပါတယ်...ဆက်လုပ်....း)

Dream said...

သာဓုခေါ်ပါတယ်.... အခုလို အသိတရား တွေ ပြည့်ဝပြီး တန်ဖိုးရှိတဲ့ ပို့စ်လေးကို ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်.... နော့်

ဖိုးစိန် said...

အမှန်တိုင်းဝန်ခံရရင်
အကို့မှာ အဲဒီလောက်ထိပါရမီမရှိသေးဘူးထင်တယ်
ဒါပေမယ့်ညီလေးရေးထားတာတွေကိုဖတ်လိုက်ရတော့
အကို့အတွက်သိသင့်သိထိုက်တာလေးတွေသိခွင့်ရသွားတယ်ပေါ့
ကောင်းတယ်ညီ
ဆက်လက်ရေးသားပါ
မျှော်နေလျှက်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

နန်းဝါ၀ါမောင် said...

မိုးသောက်ရေ...
မမ အစအဆုံးသေသေခြာခြာတစ်ခေါက်ထပ်ဖတ်သွားပါ
တယ်....
မောင်လေး တရားအားထုတ်နေတာသိရလို့ ဂုဏ်ယူပါ
တယ်... အားကျပါတယ်..အားပေးပါတယ်.. တကယ်
လဲဝမ်းသာမိပါတယ်ကွယ်...

မိုးသောက်ရဲ့ကွန်မန့်လေးအတွက် ကျေးဇူးတင်ပါတယ်.
ဘာပဲဖြစ်ဖြစ် သတိပေးသလို စေတနာနဲ့ပြောသွားတယ်
ဆိုတာ ယုံကြည်ပါတယ် မောင်လေးရေ...
အစ်မရဲ့အတွေ့အကြုံလေးတွေကို မျှဝေပြီးရေးဘို့ အကြံ
ရသွားခဲ့ပြီး အခု ၀ိပဿနာနဲ့ပတ်သက်တဲ့ပို့စ်လေးကြိုး
စားပြီးရေးနေတယ်နော်...

သာဓုခေါ်သွားပါတယ်... သာဓု..သာဓု..သာဓု ပါနော်..
ဝိပဿနာတရားကို ဆက်လက်ပွားများအားထုတ်နိုင်ပါ
စေကွယ်..

မမ၀ါ

flowerworld said...

အော် နာ့အကို တရားပေါက်လို့ ဘုန်းကြီးပါဝတ်တော့မှာလား ဟီးးးးးးးးး
အခုလိုတရားအကြောင်းလေးရေးပေးလို့ ကျေးဇူးပါအကိုတော်သောက်

ဝသန်မိုး said...

ဘယ်လိုပြောပြရမှန်းမသိအောင်ကိုကောင်းလွန်းလှပါတယ်။ဝမ်းမြောက်ဝမ်းသာနဲ့ ကို သာဓု သာဓု သာဓု ခေါ်ပါတယ် အကိုမိုးသောက်ရေ။
ဆက်လက်ပြီးအားရင်အားသလို ဘာသာရေးဆောင်းပါးတွေ
ရေးပေးပါခင်ဗျား။
တဆက်တည်းပဲ လင့်ခ်လုပ်ခွင့်ပေးပါလို့ ဒီနေရာကနေ
ခွင့်တောင်းသွားပါတယ်၊

မိုင်မိုင် said...

ကိုမိုးသောက်ရေ..တရားတွေပေါက်ပြီး..
ဘုန်းကြီး ရသေ့ တော့ ၀တ်မသွားနဲ့နော်..အစ်ကို့ကောင်မလေးကျန်ခဲ့လို့ ငိုနေဦးမယ်... :P :P :P

အခုလို ဘုရားတရားတွေလုပ်နေတော့ ကောင်းတာပေါ့.. ဆက်ပြီးဒီထက်ပိုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်...

ညခင်း said...

သာဓုခေါ်ပါသည်။ ဒီအရွယ်နှင့် လေ့လာ အားထုတ်ထားတာ မနည်းဘူးပဲ။
နှလုံးသားမှာ ဘုရားကိန်းတယ်လို့ မြင်ပါတယ်။
နိဗ္ဗာန်မဂ်ဖိုလ် ကို အာရုံပြုနိင်ပါစေ။

ညခင်း said...

သာဓုခေါ်ပါသည်။ ဒီအရွယ်နှင့် လေ့လာ အားထုတ်ထားတာ မနည်းဘူးပဲ။
နှလုံးသားမှာ ဘုရားကိန်းတယ်လို့ မြင်ပါတယ်။
နိဗ္ဗာန်မဂ်ဖိုလ် ကို အာရုံပြုနိင်ပါစေ။

aung said...

အရမ်းတန်ဖိုးရှိတဲ့စာသားတွေပါ။
နောင်လည်းအမြဲလာခဲ့ပါမယ်။
လေးစားခင်မင်လျှက်။။။

ဝေလေး said...

အခုမှေ၇ာက်ဖြစ်တယ်။ လေးစားမိပါတယ် အစ်ကို......

မသိတာတွေသိခွင့်ရတဲ့အတွက်ကျေးဇူးပါ.....

မသက်ဇင် said...

လက်တွေ့ကျကျ ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး ဘုရားဟော တရားနဲ့ ခန္တာက ဟောတဲ့ တရား တိုက်ကြည့် မှန်ကန်ပြီးမှ လက်ခံ ယုံကြည်လာတဲ့ ဗုဒ္ဓဘာသာမျိုး ဟာ ဘုရားဖြစ်စေချင်တဲ့ ဗုဒ္ဓဘာသာပါပဲ ....

မိုးသောက်လေးရေ
တော်လိုက်တာနော် ဒီအရွယ်လေးနဲ့
ရေးထားတာလေးတွေကောင်းလိုက်တာ
နာယူမှတ်သားပါတယ်
ခင်မင်လျက်

မသက်ဇင် said...

မိုးသောက်ရေ
ထပ်ရောက်တယ်နော်
ခင်မင်စွာ

ဟိန်းညီ said...

ကောင်းတယ်ကွာ။
မိမိအတွက်လည်းအကျိုးရှိ ၊ သူတပါးအတွက်လည်းအကျိုးရှိတဲ့
အကောင်းဆုံးအလုပ်ကိုလုပ်တာမို့ သာဓုခေါ်တယ်ညီရေ..

Kyaw Hnin Se Lwin said...

ဝိပသနာကိုဘယ်ကဘယ်လိုစရမှန်းမသိဖြစ်နေတာပါ။ ကြားဖူးနားဝရှိပေမဲ့ ရှင်းရှင်းလင်းလင်းကလေးသိချင်ပါတယ်။
အရေးသားတွေကတအားပြေပြစ်နားလည်လွယ်ပြီးအနှစ်သာရရှိတာမို့ကျေးဇူးတင်ကြောင်းပါ။
တရားထိုင်တဲ့အခါ မှားယွင်းတတ်တာလေးတွေကိုတော့ နောက်ပို့စ် တစ်ခုမှပဲ ဆရာတော်ကြီးတွေရဲ့ တရားတော်တွေထဲက ထုတ်နုတ်ပြီး ကျနော် ဥာဏ်မှီသလောက်လေး တင်ပြပါ့မယ်ခင်ဗျ ..
ဆိုသလိုပဲ စောင့်မျှော်ဖတ်ရှုလိုကြောင်းပါ။

Anonymous said...

တအားကောင်းပါတယ် ကျွန်တော်လဲ လိုက်လုပ်ဖို့ ဆုံးဖြတ်ပါတယ် လောလောဆယ်တော့ ည အိပ်ယာဝင်ခါနီးတိုင်း ဖင် တညာင်းတော့ ထိုင်ပါတယ် ဒါပေမယ့် စိတ်ကတော့ တော်တော် ပျံ့လွင့်နေတယ် စိတ်က မကောင်းတာတွေ တွေးနေတာများတယ် ယောက်င်္ကျားပဲဗျာ ကြိုစားမယ် ဗုဒဘာသာစစ်စစ် ဖြစ်ပြီးတော့ ဗုဒရဲ့ လမ်းစဉ် နဲနဲလေးလောက်ကိုတော့ ပိုင်နိုင်စွာ နားလည်သင့်တယ်လို့ ကျွန်တော် ထင်မိတယ် ဗုဒ ဘာသာ ၀င်တိုင်းပေါ့ ဆိုင်တာကတော့ လူသားတိုင်း အတွက်ပေါ့ တကယ်သိဖို့ဆိုတာလဲ ပြောပြယုံနဲ့ မရနိုင်ပါဘူး တကယ်ကျင့်ကြံအားထုတ်ကြည့်ပါ တကယ့်ကို အေးချမ်းပါလိမ့်မယ် အပြောမဟုတ် အလုပ်ဖြင့်သာ သက်သေပြနိုင်ကျစေခင်ဗျာ...ကျွန်တော့် နာမည် မောင်ဝေသူရိန်.....waithurai1988@gmail.com

မိုးသောက် said...

ကြိုးစားမယ် ဆိုတဲ့ စကား ကြားရတဲ့ အတွက် အတိုင်းထက် အလွန် ပီတိ ဖြစ်မိကြောင်းပါ ... :)
ကျနော် ကိုယ်တိုင်လည်း ကြိုးစားဆဲ လူတစ်ယောက်ပါပဲ ခင်ဗျ .. တွေ့ရတာ ၀မ်းသာပါတယ်ဗျာ ... ကျနော် gmail ကို အပ်ထားတယ် ခင်ဗျ .. ငြိမ်းချမ်းပါစေဗျာ :)