ကော်ဖီခါးခါးလေးကို တစ်ချက် မျှင်းသောက်ရင်းနဲ့ mile seven တစ်လိပ်ကိုထုတ် ထောက်ခနဲ မီးညှိလိုက်တယ် ဆေးလိပ်ကို မီးရဲတက်လာအောင် အားရ ပါးရ ရှိုက်လိုက်ရင်းနဲ့ သူ့မျက်နှာကို လှမ်းကြည့်လိုက်မိတယ် ...
သူ ကျနော့်ကို တစ်ခုခု ပြောချင်နေသလိုပဲ ...
မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ရင်းနဲ့ သူ့ ပုခုံးကို ကျနော့် ပုခုံးစောင်းနဲ့ တိုက်လိုက်တယ် ...
ဟေ့လူ ခင်ဗျား ဘာကြည့်နေတာလဲ ...
ကျုပ် ခင်ဗျားကို မေးရင် ကောင်းမလားလို့ စဉ်းစားနေလို့ပါ ...
ဟဟ အထူးအဆန်းပါလား ကဲ မေးဗျာ ဘာမေးမှာလဲ ...
ခင်ဗျား အဲ့ဆေးလိပ်တွေ ကော်ဖီမစ်တွေကို ဘာရည်ရွယ်ချက်နဲ့ သောက်နေတာလဲ ဆိုတာ သိလား ....
အဲ့ သူမေးမှ ဇဝေ ဇ၀ါ တောင် ဖြစ်သွားတယ် .... ဒါတွေက ကျနော် လုပ်နေကြတွေပါ .. ဒါပေမယ့် တစ်ခါမှ အဲ့လို မစဉ်းစားမိဘူး ...
ဘာရယ်တော့ မဟုတ်ပါဘူး ... ဒီလိုပဲ စိတ်က လုပ်ချင်လာလို့ လုပ်ခဲ့တာတွေပဲလေ ..ဒါနဲ့ အဲ့ဒါ ဘာဖြစ်လို့တုန်းဗျ ..ကျနော် အူကြောင်ကြောင်နဲ့ မေးလိုက်မိတယ် ...
ဖြစ်တယ်ဗျ .. ခင်ဗျားက နေပူမှာရပ်ပြီး ပူမှန်း မသိလို့ အရိပ်ဆိုတာကိုလည်း တန်ဖိုးမထားတတ် ..
ပူမှန်းလည်း မသိ အေးမှန်းလည်း မသိ ဖြစ်နေတာ ...
ဗျာ ...
ကျနော် နားမလည်နိုင်စွာနဲ့ သူမျက်နှာကို ကြည့်လိုက်မိတယ် ...
ဒီလိုဗျာ ကျုပ်လည်း အရင်က အဲ့လိုပဲ မသိလိုက် မသိဖာသာ နေခဲ့တာပါပဲ ..
ဒါပေမယ့် အခုတော့ ကျုပ် ရိပ်စားမိနေပြီ ..အဲ့ဒါတွေဟာ စိတ်က ခိုင်းနေတာဗျ ... ခန္တာကိုယ်ကြီးက လိုက်လုပ်နေရတာ ...ကျုပ်တို့ဟာ စိတ်ရဲ့ ကျေးကျွန်တွေ ...
စိတ်ခိုင်းတာကိုပဲ လုပ်ခဲ့ကြတာ ....
ပြီးတော့ အဲ့ဒီ ဦးဆောင်နေတဲ့ စိတ်ကလည်း အရူးစိတ် ... ဟိုဟာ ရချင်လိုက် ဒါရချင်လိုက် ..... ဟိုဟာဖြစ်ချင်လိုက် ဒါဖြစ်ချင်လိုက် ....တစ်ခု ရလို့ ကျေနပ်မယ် မထင်နဲ့ နောက်တစ်ခုကို ထပ်ရချင်တယ် .. ကျေနပ်တယ်ရယ်လို့ မရှိဘူး အမြဲပဲ ပူလောင်နေခဲ့တာ .. မျောက်တစ်ကောင်လိုပဲ ဟိုခုန်လိုက် ဒီခုန်လိုက် ဖြစ်နေတဲ့စိတ် .. ဒီ စိတ်နောက်ကိုပဲ ကျုပ်တို့က လိုက်ခဲ့ကြတာ.... သူခိုင်းတဲ့ အတိုင်း လုပ်ချင်တာ ရှိရင် လုပ်တယ် .. ဖြစ်ချင်တာ ရှိ ဖြစ်တယ် .. စားချင်တာ စားတယ် .. သောက်ချင်တာ သောက်တယ် ..
ဖြစ်ချင်တာတွေ မဖြစ်ရ လုပ်ချင်တာတွေ မလုပ်ရရင်လည်း သေလုမတတ် စိတ်ဓါတ်တွေ ချွတ်ခြုံကျ ၀မ်းနည်း စိတ်ပျက်တတ်သေးတယ် ... ဖြစ်ချင်တာလေး လိုချင်တာလေးများရလိုက်ရင် ပျော်လိုက်ရတာ သူ့အပြင် နှစ်ယောက် မရှိ... ဒါပေမယ့် လိုချင်မှုက ရပ်သွားသလားတော့ မမေးနဲ့
နောက်ထပ် လိုချင်နေတုန်းပဲ ...ပိုင်ဆိုင်ဖို့ ကြိုးစားရတုန်း ... ပူလောင်နေတုန်းပဲ .....
တစ်ကယ်တော့ စိတ်ဆိုတာ ပူလောင်မှုကိုပဲ အာသာငမ်းငမ်းနဲ့ အဆုံးမရှိ ရှာဖွေနေတတ်တဲ့အရာ .. အမြဲလောင်ကျွမ်းနေတဲ့ စိတ် ...
ကောင်းတာလေးတွေ ထုတ်ပြလိုက် ဆိုးတာလေးတွေ ထုတ်ပြလိုက်နဲ့ လုပ်နေတဲ့ လောကဒဏ် ရှစ်ပါးရဲ့
တီးကွက်တွေကြားမှာ စိတ်ပါ လက်ပါနဲ့ ကနေလိုက်ကြတာ တစ်ကယ့် အရူးကြီးတွေလိုပဲ ...
အရူးစိတ်က ဦးဆောင်နေမှတော့ လူကိုယ်တိုင်လည်း အရူးလိုဖြစ်နေတာ မဆန်းပါဘူး...
ကျနော် မျက်လုံးလေး ကလယ် ကလယ် နဲ့ သူ့ကို ကြည့်နေမိတယ် ... သူက ဆက်ပြောတယ် ...
အင်း အခု ကျုပ်က စိတ်ကို လိုက်ကြည့်နေတာဗျ .... ဥပမာဗျာ ကျုပ်လည်း အရင်က ဆေးလိပ်သောက်တယ် စိတ်ရူး ရဲ့ အလိုအရလည်း မသိလိုက် မသိဖာသာနဲ့ တစ်ဗူးပြီး တစ်ဗူး ကုန်အောင် သောက်ခဲ့တယ် .. ဖြတ်ဖို့ လည်း အကြိမ်ကြိမ် ကြိုးစားခဲ့တယ် ... ပီကေလေး စားပြီး ဖြတ်ကြည့်တယ် ကွမ်းယာလေး ၀ါးပြီး ဖြတ်ကြည့်တယ်... မာန်တင်းပြီး နေကြည့်တယ် ... အာရုံလွှဲတာပေါ့ဗျာ ..
မရဘူးဗျို့ ...
ရောင်းတဲ့ ကုမဏ္ဏီက ဆေးလိပ်သောက်ခြင်း သည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည် လို့
ခပ်ရင့်ရင့် ပြောပြီး ရောင်းတာတောင် ကျုပ်တို့မှာ မာန မထားနိုင်ဘူး ၀ယ်သောက်ရတယ် ...
တစ်နေ့တော့ ကျုပ် လေးလေးနက်နက် စဉ်းစားမိတယ် ... အာရုံလွှဲခြင်းဟာ ရှောင်လွှဲခြင်း တစ်မျိုးပဲ ... ငါသောက်ချင်တဲ့ အကြောင်းရင်းကို ဒဲ့ရင်ဆိုင်ပြီး ကြည့်မယ် ..အဲ့လို ဆုံးဖြတ်ချက်ချပြီး ငြိမ်ငြိမ်လေး နေလိုက်တယ် .....ပြီးတော့ အဲ့ဒီ သောက်ချင်နေတဲ့ နေရာလေးကို ခန္တာကိုယ်မှာ လိုက်ရှာတယ် ... မတွေ့ဘူးဗျ ...ပါးစပ်ကလည်း တစ်ကယ်တမ်း သောက်ချင်နေတဲ့ နေရာ မဟုတ်ပြန်ဘူး ....နောက်တော့မှ အဲ့လို သောက်ဖြစ်အောင် ခိုင်းနေတဲ့ အရူးစိတ် ( စွဲလမ်းမှု ) ကို သွားတွေ့တာဗျို့ အဟေး ဟေး ...
ဆေးလိပ်သောက်ဖြစ်အောင် တိုက်တွန်းနေတဲ့ အကောင်ကို ကျနော်တွေ့တာ..
အဲ့ဆေးလိပ်တွေကို ကျနော့်သွေးသားက တောင်းဆိုလွန်းလို့ မွေးကတည်းက သောက်ခဲ့တာ မဟုတ်ဘူး အဲ့ဒီ အရူးစိတ်က ခိုင်းလို့ ရောဂါ ရမယ်မှန်း သိရက်နဲ့ ပိုက်ဆံနဲ့ ပေးဝယ်ပြီး သောက်နေခဲ့တာဗျ ....
အဲ့ဒီ စိတ်ကို သေသေချာချာလေး စူးစိုက်ကြည့်လိုက်တော့ နဂိုကတည်းက
အရူးစိတ်ဆိုတော့ အရူးလိုပဲ အိနြေ္ဒမရှိဘူး သိက္ခာ မရှိဘူး ... ဖျတ်ကနဲ့ ပျောက်သွားတယ် .... သောက်ချင်တဲ့ စိတ်ဆိုတာ လုံးဝကို ရှာလို့ မတွေ့တော့တာ ... နဂိုကတည်းက အယောင်ဆောင် စွဲလမ်းမှု ... တစ်ကယ် မရှိဘူးဆိုတာ သိလာတယ်ဗျို့ .. ဘာကြောင့် ဆေးလိပ် သောက်တာလဲ ဆိုတာကိုလည်း စဉ်းစား လို့ မရတော့ဘူး .... အဓိပ္ပာယ်မရှိဘူး ဆိုတာလည်း သိလာတယ် ....
အဲ့ဒီမှာ စိတ်ရဲ့ ပေါက်ကရ လုပ်ချင် ခံစားချင်တဲ့ အကျင့်ကို ရိပ်စားမိတော့တာပဲဗျို့ .... စိတ်ရဲ့ အလိုလိုက်ပြီး လုပ်နေလို့ကတော့ သေသည်ထိအောင် သက်သာဖွယ်မရှိဘူး ဆိုတာ အကြွင်းမဲ့ လက်ခံသွားတာ ... စိတ်ရဲ့ အလိုကို ဖြတ်နိုင်သလောက် ဖြတ်ချမှသာ ပူလောင်မှုဘေးက လွတ်ကင်းမယ် ဆိုတာလည်း ယောင်ယောင်လေး သိလာတာပေါ့ဗျာ ...
အခုဆို ကျုပ် ၉ နှစ်လောက် သောက်လာတဲ့ ဆေးလိပ်ကို လုံးဝ မသောက်ပဲ နေနိုင်သွားပြီဗျ ...မာန်တစ်ခုခုနဲ့ တင်းပြီး မသောက်ပဲ နေတာ မဟုတ်ဘူးနော် .... အဲ့လို နေတာက တစ်ကယ် ပြတ်တာ မဟုတ်ဘူး ...အခြေအနေ ကြုံကြိုက်ရင် ပြန်သောက်ဖြစ်မှာပဲ ...
အခုဟာက သောက်ချင်တဲ့ စိတ်ကို ပျောက်သွားတာ... တင်းထားစရာလည်း မလိုဘူး .... ထိန်းထားစရာလည်း မလိုဘူး ...ထာဝရ အမြစ်ပါ ပြတ်ခြင်းပေါ့ဗျာ ...
ဒါတင် မကဘူး အရက် ဘီယာ နဲ့ သံယောဇဉ် အငယ်အနှောင်းလေးတွေပါ ဒီနည်းနဲ့ အကုန်ပြတ်ကုန်တာဗျို့ အဲ့လိုပဲ စကား ဆိုရင်လည်း အရင်က စိတ်ပါတဲ့ အခါဆိုရင် ပလွတ် ပလွတ်နဲ့ အသားကုန်ထွက်ပေမယ့် အခုကျတော့ စိတ်ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ အဲ့လို တောင်စဉ်ရေမရ ပေါက်ကရတွေ ပြောရမှာ ရှက်လာတယ် ....
စိတ်ရူးမှန်သမျှ လိုချင်တာ ဖြစ်ချင်တာ မှန်သမျှ အဲ့လို စိုက်အကြည့် မခံဘူးဗျို့ ... မြင်အောင်သာကြည့် .. မြင်မလို ရှိတာနဲ့ တန်းပျောက်တာပဲ ... သူ့ရဲ့ မူရင်းကိုက ရှိမှ မရှိတာဗျ ...
အလားတူပဲ စိတ်ညစ်စရာတွေ ကြုံလာရင်လည်း စိတ်ညစ်ပြီး ပူဆွေး လိမ်ပိန်နေခြင်းဟာ အဓိပ္ပာယ် မရှိမှန်း သိလာတော့ စိတ်မညစ်တော့ဘူးဗျ ... ပျော်စရာဆိုရင်လည်း အရမ်းကြီး မပျော်တတ်တော့ဘူး ...
စိတ်တို စိတ်ညစ် စိတ်ရှုပ် စိတ်ပျက် အရမ်းကြီး ဖြစ်မလာတော့ဘူးပေါ့ဗျာ .... ဖြစ်လာရင်လည်း ခဏပဲ .. ပျောက်သွားတာပဲ ...
ခင်ဗျားပဲ စဉ်းစားကြည့်ဗျာ ကျုပ်တို့မှာ မွေးကတည်းက ပညာတွေသင်ကြရတယ် ... ပြီးတော့ ထပ်သင် ထပ်သင် မဆုံးနိုင်ဘူး ..ဒီလိုပဲ ဥစ္စာရှာတဲ့ သူကလည်း ရှာရတယ် .. ထပ်ရှာထပ်ရှာ .. ဖြစ်ချင်မှုတွေက မဆုံးနိုင်တော့ ရှာရတာလည်း မဆုံးနိုင်ဘူး ... နောက်ဆုံးကျတော့ ဆန္ဒတွေ မပြီးခင်မှာပဲ သေဆုံးကြရတယ် ... တသသ လုပ်ခဲ့တဲ့ ဒီ ခန္တာကိုယ်ကြီးကလည်း မြေကြီးထဲမှာ တီကောင်တွေရဲ့ အစာ လောက်တွေရဲ့ အစာ ဖြစ်သွားရတယ် ... မြေမမြုပ်ပဲ မီးရှို့တဲ့ သူကျတော့လည်း ပြာမှုန်လေးတွေ အဖြစ် ဘ၀ ပြောင်းပြီး မြေသြဇာ အဖြစ် ပျောက်ဆုံးသွားရတယ် ....
ဘယ်မှာလဲ ခင်ဗျား ရှာခဲ့တဲ့ ဥစ္စာတွေ ပညာတွေ ...ဘ၀မှာ အေးအေးချမ်းချမ်း တစ်ခါမှ မနေလိုက်ရပဲ သေဆုံးသွားရတာ ဘယ်လောက် ရင်နာစရာကောင်းလိုက်လဲ ...
တစ်နေ့ကို ထမင်း ၂ နပ်စားနိုင်ရုံ ဒီခန္တာလေးကို အ၀တ်ဆင်ရုံ အိပ်ဖို့ နေရာ တစ်နေရာ ရရုံလောက်နဲ့တော့
ဘ၀ တစ်ခုလုံး ပင်ပန်း ဆင်းရဲခံစရာ မလိုပါဘူးဗျာ ... ရှာနေလိုက်ကြတာများ တစ်ကယ့် မသေတော့မယ့် အတိုင်းပဲ .... သေခြင်း တရားကို မေ့နေကြတယ် ...
အဲ့လို လောဘတွေ ဒေါသတွေ မသိခြင်းတွေနဲ့ ပူလောင်နေခဲ့တဲ့ သူတွေဟာ
သေခါနီး ကျရင်တော့ ကူရာကယ်ရာ မရှိ ဖြစ်ကုန်ပြီ ... တစ်ဘ၀လုံး အလိုလိုက်ခဲ့တဲ့ စိတ်ရဲ့ effect တွေက ပြန်နှိပ်စက်ပြီ...
ဟား ရွစိ ရွစိ နဲ့ အကောင်တွေ မြင်လိုက် .. လိမ့်လိမ့် လိမ့်လိမ့် နဲ့ ပြိတ္တာကြီးတွေ မြင်လိုက် ....
သွေးရဲရဲ သံရဲရဲကြီးတွေ မြင်လိုက် ....
ဘေးလူ အော်ခေါ်ဖို့ကလည်း အသံက မထွက်နိုင်တော့ ....
နောက်ဆုံးမှာ ကြောက်လန့်တကြားနဲ့ တွန့်လိမ်ရုန်းကန် ကောက်ကွေး မာတောင့်ပြီး မျက်ရည်လည်ရွှဲနဲ့ သေပွဲဝင်ကြရတယ် .. ဒီလိုမျိုး သေဆုံးခြင်းဟာ ငြိမ်းချမ်းခြင်းလား ပူလောင်ခြင်းလား ဆိုတာ သာမာန်လေး တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ် ..
သူ့ရဲ့ လားရာဘုံဘ၀ ကလည်း ပူလောင်ဆင်းရဲရတဲ့ နေရာတွေပဲ ဆိုတာ သံသယ ဖြစ်စရာကို မလိုတော့ပါဘူး ....
ဘ၀ မှာ အရေးကြီးတယ် ထင်ခဲ့တဲ့ ရွှေတွေ ငွေတွေ သားတွေ သမီးတွေ ဘွဲ့လက်မှတ်တွေ ဂုဏ်ဒြပ်တွေ မိန်းမတွေ ယောက်ကျားတွေ ကလည်း မကယ်နိုင်တော့ဘူး ... ဒါတွေဟာ မိမိ အသိမှား အမြင်မှားပြီး မရှိတဲ့ စွဲလမ်းမှု ကို အရှိထင်ပြီး တစ်ဘ၀ လုံး စိတ်ကို ပူလောင်အောင် လုပ်ခဲ့ခြင်းရဲ့ effect တွေပေါ့ဗျာ ....
စွဲလမ်းမှုတွေရဲ့ တစ်ကယ် မရှိခြင်းကို သိပြီး စိတ်ကို အေးအေးချမ်းချမ်းလေး ထားတဲ့ သူကျတော့ သေခါနီးရင်
အေးချမ်းတဲ့ effect တွေပဲ လာတော့တယ် ....
ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိပဲ ပြုံးပြုံးလေးနဲ့ ပျော့ပျော့ပျောင်းပျောင်းပဲ သေကြတယ် ....
သူ့ရဲ့ လားရာ ဘုံဘ၀ ကလည်း အေးချမ်းမှုဆီကိုပဲပေါ့ ...
တစ်ကယ်တော့ ကျနော်တို့ လူသားတိုင်းမှာ သေခြင်း တရားဆိုတဲ့ စာမေးပွဲ တစ်ခုစီ ရှိပါတယ် ....
ဆင်းရဲ ချမ်းသာ အယုတ် အမြတ် အဆင့်အတန်း မရွေး သေချာပေါက် ဖြေဆိုရမှာပါ ....
စာမကျက်တဲ့ သူကတော့ သေချာပေါက် ကျရှုံးမှာပါ .... လားရာ ဌာနေ က ပူလောင်ဆင်းရဲခြင်းဆီကိုပါ ...
ဗေဒင် မေးစရာ မလိုပါဘူး ... လုံးဝ ကို သေချာ လွန်းလို့ပါ ....
ဒါဆို ပညာ မသင်ရတော့ဘူးလား ဥစ္စာမရှာရတော့ဘူးလား .... အဲ့လို မေးရင်တော့ ရှာရမှာပေါ့ဗျာ သင်လည်း သင်ရမှာပေါ့ ..ဒါပေမယ့် အဓိကကို ရှာရ သင်ရမယ်ဗျ ....
လောကမှာ စိတ်က အုပ်စိုးတယ်ဆိုတာ ခင်ဗျာ လက်ခံလား ... ခင်ဗျား တွေးကြည့်လိုက်
အခု အားလုံး သင်နေကြတဲ့ ပညာရပ်တွေ အဆောက်အဦးတွေ နည်းပညာတွေ ဒါတွေ အားလုံးဟာ စိတ်ကပဲ ဖြစ်လာကြတာ မဟုတ်ဘူးလား ...
အဲ့မှာ မိန်းပွိုင့်ပဲဗျာ ... ကျုပ်တို့ဟာ ပင်မ အရင်းအမြစ်ကြီး ဖြစ်တဲ့ စိတ်ရဲ့ သဘောလေးကို လေ့လာရမယ် .. အဲ့ဒါလေးကိုပဲ အသုံးချရမယ် ...
စပျစ်သီးကို တစ်လုံးချင်း မဖြုတ်ပဲ အညှာကနေကိုင်ပြီး ယူလိုက်သလိုပေါ့ဗျာ ...
စိတ်တစ်ခုကို အပြီးအပိုင် ကျေညှက်ပြီးလို့ကတော့ တစ်လောကလုံးက စိတ်တွေကို ခင်ဗျား မြင်နိုင်ပြီ နားလည်နိုင်ပြီဗျို့ ....
စိတ်ကို နားလည်ပြီ ဆိုမှတော့ စိတ်က ဖြစ်တဲ့ ပညာတွေ ဆိုတာ အလိုလို သိပြီ တတ်ပြီ ပေါ့ဗျာ ...
ခင်ဗျား သိလား ကျုပ်တို့ ဗုဒ္ဓ ဘုရားရှင်ဟာ စိတ်ရဲ့ သဘောကို ကောင်းကောင်း နားလည်သွားတဲ့ ပုဂ္ဂိုလ် တစ်ဦးပေါ့ဗျာ ...သူ့ကို အနောက်တိုင်းက အတွေးအခေါ်ပညာရှင်တွေက အေးချမ်းမှုကို ထာဝရ ပိုင်ဆိုင်သွားတဲ့ စိတ်ပညာရှင်ကြီး အတွေးအခေါ် ပညာရှင်ကြီးလို့ သတ်မှတ်ကြတယ် ....
ကဲ ထားပါ ကျုပ် အဓိက ပြောချင်တာက အဲ့လောက် အဆုံးထိ လုပ်ဖို့ မဟုတ်သေးဘူးရယ် ...
လောလောဆယ် အေးအေးချမ်းချမ်းနဲ့ ဘ၀ လေးကို ဖြတ်သန်းဖို့ .... စိတ်ကလေးကို အေးချမ်းအောင်လုပ်ပြီး အေးချမ်းတာတွေပဲ ရှေ့ဆက်ဖြစ်ဖို့ .....
လောဘ ဒေါသ မောဟ မာန်မာန တစ်နည်းအားဖြင့် ရလိုမှု ခံစားမှု မသိမှု မာန တက်မှု တွေဟာ အရမ်းကို ပူလောင်ပါတယ် ..
ဒါကို ကျနော်တို့ အားလုံး နားလည်ကြပါတယ် .. ဒါပေမယ့် မစွန့်လွှတ်နိုင်ကြပါဘူး ...
ဥပမာ ပြောရရင် မီးခဲရဲရဲကြီးကို အားရ ပါးရ ကိုင်ထားသလိုပါပဲ .... အယူမှား အစွဲမှားတွေနဲ့ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတော့ တစ်ကိုယ်လုံးကို အပူကူးစက်ပြီး အားရပါးရ လောင်ကျွမ်းတော့တာပေါ့ဗျာ .
အမှန်ကို သိမြင်နားလည်တဲ့ သူတွေကတော့ အဲ့ဒီ မီးခဲကြီးကို ဟိုး ဝေးရာကို လွှင့်ပစ်လိုက်တော့ ပူလောင်ခြင်းကို မခံစားရတော့ပဲ သက်သာရာ ရတာပေါ့ဗျာ ....
တစ်ကယ်တော့ ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်က ဒီလမ်းအတိုင်း လုပ်ခဲ့လို့သာ အခေါ်အဝေါ် အရ ဘာသာလို့ သတ်မှတ်ထားပေမယ့်
သူ့သဘောက ဘာတစ်ခုကိုမှ သိမ်းပိုက်ခြင်း မရှိဘူးဗျ ... အရှိကို အရှိအတိုင်း မြင်နိုင်ပြီး စိတ်ကလေး အေးချမ်းနေဖို့... စိတ်ရူးနောက်ကို မလိုက်ပဲ တည်ကြည်တဲ့ စိတ်ကလေးမှာပဲ ငြိမ်းချမ်းနေဖို့ ....
ဒီ စိတ် ရဲ့ သဘာဝ ကို သိဖို့ပါပဲ ...
ဗုဒ္ဓဘာသာ ဆိုတာ စကားလေးတွေနဲ့ချည်းပဲလည်း ပုံဖော်လို့ မရဘူးဗျ ...စိတ်ကိုလည်း တစ်ကယ် လက်တွေ့ကျကျ စောင့်ကြည့်ပြီး ကျင့်ကြံ အားထုတ်မှသာ သူ့ရဲ့ မူရင်း အေးချမ်းမှုလေးကို သဘောပေါက်နိုင်တယ် ... ကိုယ်ပိုင်အေးချမ်းမှုလေး ဖြစ်နိုင်တယ် ....
စကားလုံးတွေနဲ့ချည်းပဲ ပြောပြီး လက်တွေ့ မလုပ်ပြန်ရင်လည်း သူများပြောတဲ့ အေးချမ်းမှု အဆင့်သာ ရှိပြီး အေးချမ်းမှု အရသာကို တစ်ကယ် သိရမှာ မဟုတ်ပါဘူး ...
တစ်ကယ်တော့ ကောင်းမှု မကောင်းမှုဆိုတာလည်း ဘယ်ဘာသာ ဘယ်စည်းမျဉ်းနဲ့မှ တိုင်းစရာ မလိုပါဘူး ...
စိတ်ငြိမ်းချမ်းမှု နဲ့တင် တိုင်းဖြတ်နိုင်ပါတယ်ဗျာ ...
ဘာသာ အစွဲ မထားပဲနဲ့ တစ်ချက်လောက်ပဲ စိတ်ကို စောင့်ကြည့်လိုက်စမ်းပါ ...
တစ်ချက် သတိထားမိပြီး တစ်ချက် ငြိမ်းသတ်နိုင်တာနဲ့ တစ်ချက် အေးချမ်းပါလိမ့်မယ် ...
တစ်ကယ့် လက်တွေ့ကျကျ ကျိုးကြောင်းဆီလျော်မှုကို တွေ့လာပါလိမ့်မယ် ...
တစ်ကယ့် ငြိမ်းချမ်းမှုရဲ့ အဆီ အနှစ်တွေကိုလည်း တွေ့လာပါလိမ့်မယ် ...
တစ်ကယ် ကျင့်ကြံသူ လူသားတိုင်းကို အေးမြစေပါတယ် ...
ကျုပ်က အခုတော့ စိတ်ရဲ့ ဖြစ်ချင်တာတွေအားလုံးကို မလုပ်တော့ဘူးဗျ ... ဖြစ်ချင်တဲ့ စိတ်တွေ လိုချင်တဲ့ စိတ်တွေကို တတ်နိုင်သလောက်လေး
သတိနဲ့ မြင်အောင် စောင့်ကြည့်တယ် ... သေချာလေး ကြည့်လိုက်တာနဲ့ အဲ့လို ဖြစ်ချင် လိုချင်တဲ့ စိတ်က ပျောက်သွားတာပဲ ...
လိုချင်တာတွေ နည်းလာတော့ ခန္တာကိုယ်ကြီးလည်း အရင်ကလို မပင်ပန်းရတော့ဘူး ... စိတ်ဆိုတာလည်း
တစ်ကယ် ရှင်းနေတာပါပဲ ...စိတ်ရှင်းတော့ ဘ၀လည်း ရှင်းပြီပေါ့ဗျာ ....
လောကဒဏ် ဆိုတာလည်း ကျုပ် အတွက် ဘေးက ထိုင်ကြည့်ခွင့်ရနေတဲ့ ဇာတ်ခုံကြီး တစ်ခုလို ဖြစ်နေတော့တာပေါ့...
သူက မောသွားဟန်ဖြင့် ရေတစ်ခွက်ခပ်ပြီး သောက်လိုက်တယ် ....
ကျနော် သူ့ကို ငေးနေမိတယ် .. အရင်က ဆေးလိပ် ဒဏ်ကြောင့် ပြာနှမ်းနှမ်း ဖြစ်နေတဲ့ သူ့နှတ်ခမ်းတွေ
တောင် အခု ပန်းနုရောင် သန်းနေတာကို သတိထားမိတယ် ....
သူ့မျက်နှာကလည်း ပကတိ ရိုးသားပြီး လွတ်လပ်နေတယ် ...
သူ့ကို ကြည့်နေတုန်းမှာပဲ အသိအာရုံကို စကားသံတစ်ချို့ လာရိုက်ခတ်တယ် ...
တစ်ခုကို ရယူပြီးသွားရင် နောက်ထပ် အဆပေါင်းများစွာ ထပ်လိုချင်ပြီး မပြည့်စုံခြင်းကို ခံစားရတယ် ...
တစ်ခုကို ရလိုစိတ်မရှိတော့ပဲ မသိမ်းပိုက်တော့ရင် အဆပေါင်းများစွာ ပြည့်စုံခြင်းကို ခံစားရတယ် ...
သြော် စိတ် စိတ် .... တယ်လည်း ဆန်းကျယ်ပါလား ...
ကျနော် တီးတိုး ရေရွတ်မိတယ် ...
လက်ထဲက ဆေးလိပ်က တစ်ဖွာမှ ထပ်မရှိုက်လိုက်ရပဲ ပြာ အတောင့်လိုက် ကြွေကျသွားလေရဲ့ ....
ကျနော့် စိတ်တွေ လွတ်နေတုန်းပါပဲ ...
..................................**********....................................
ဤ ပို့စ်လေးအား ဘာသာ မရွေး လူမျိုးမရွေး မိမိတို့တွင် ရှိသော အရူးစိတ်အကြောင်းကို ဆင်ခြင်မိစေပြီး
အဆုံးမရှိသော ရလိုမှု စိတ်ခံစားမှု မသိမှု မာန်မာနကြီးမှုများ ကို သတိဖြင့် ငြိမ်းသတ်ကာ
စိတ်၏ အေးချမ်းမှုလေးအား တည်ဆောက်နိင်ရန် ရည်ရွယ်၍ ရေးသားပါသည် ...
အလွဲအမှား တစ်စုံတစ်ရာ ရှိပါက ကျနော်၏ အားနည်းချက်သာ ဖြစ်ပါတယ် ခင်ဗျ ...
အားလုံးပဲ ငြိမ်းချမ်းနိုင်ကြပါစေဗျာ ...
အင်္ဂလိပ် Idioms သင်ခန်းစာ (၁၄)...
9 hours ago

11 ဝေဖန်မှု:
အမှန်ပဲဗျိုးးးး
ဆရာတော်တစ်ပါးကတော့ ပြောဖူးတယ်...
ဆုပ်ကိုင်ထားတာပင်ပန်းတယ်... ဘယ်အရာမဆို လွှတ်ချထားတာ စွန့်လွှတ်လိုက်တာ စိတ်အေးချမ်း ပေါ့ပါးပြီး.. လွတ်လပ်မှု ပိုရှိတယ်တဲ့..... ဘာမှ မရှိလေ ကောင်းလေပဲတဲ့... အဓိက က စိတ်ပါပဲ....
ကိုယ်တွေ့ခံစားပြီး သိတာ.. စာတွေ့ထက် ပိုအနှစ်သာရရှိပါတယ်...
ကျေးဇူးတင်ပါတယ်..
အင်မတန် ထိမိတဲ့ စာသား စကားလေး တွေနဲ့ ပို့စ်ကောင်းလေး တစ်ခုပါ ....
စိတ်ကို တင်းကျပ်စွာကိုင်ထားရင် အားလုံး ပူလောင် ရပါတယ်... ကိလေသာတွေ နဲ့ ညစ်ထေးနေတဲ့ မိမိတို့
စိတ်ကို နည်းပါးအောင် ဘယ်အရာမှ အစွဲမထားပဲ လွတ်ချခြင်း အားဖြင့် စိတ်၏ချမ်းသာရာ အစစ်အမှန်
ကို ရှာဖွေ တွေ့ရှိနိုင်ပါစေ... အူးအူးမိုးတောက်ရေ....
ကျေးဇူးပါ...
မက်မက်
စိတ်ဆိုတဲ့သဘော ကိုကောင်းကောင်းမှတ်သွားပါတယ်..
အရမ်းကောင်းတဲ့ပိုစ့်လေးပါ..
စိတ်၏ အေးချမ်းမှု နဲ့ အတူ
ကိုသောက် အဆင်ပြေပါစေဗျာ..
ဒီပို့ စ်ကိုရေးတဲ့အတွက် မောင်လေးမိုးသောက်ကို ကျေးဇူး အများကြီးတင်ပါတယ်။ စိတ်တွေကို မိမိရရ ဖမ်းဆုပ်နိုင်တဲ့ မိုးသောက် ဘ၀တလျောက်အောင်မြင် အေးချမ်း ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။
ကိုယ့်အရူးစိတ်ကို ရှာကြည့်လိုက်ဦးမယ်။
အစ်ကိုမိုးသောက်ရေ....
ပို့စ်ကောင်းလေးကိုဖတ်သွားတယ်.....
ဖတ်ရုံတင်မဟုတ် လိုက်လုပ်နိုင်အောင်လည်း ကြိုးစားကြည့်ဦးမယ်။ အပြောတော့ လွယ်ပြီး အလုပ်ခက်တယ်တဲ့။ အတိအကျ လုပ်မယ် မပြောခဲ့တာက လိုက်လုပ်နိုင်သလား မလုပ်နိုင်သလားဆိုတာ မသေချာသေးလို့။ :P (ဟော..... စလာပြီ.... ဟီးး.... )
ကြိုးစားပါ့မယ်... အသိဥာဏ်အလင်းတစ်ချက်ဖွင့်ပေးတဲ့အတွက်
အထူးကျေးဇူး..........
နင်ကသေချာဖတ်ဆိုပေမယ့် အနီရောင် စာတွေက သေချာမမြင်ရဘူး။
ကိုမိုးသောက်ရေ
ပို့ စ် ကောင်းလေးတစ်ပုဒ်ကို သေချာဖတ်သွားပါတယ်
ဖတ်ရုံနဲ့ မပြီးဘဲ လိုက်လုပ်နိုင်အောင်လဲ ကြိုးစားကြည့်မယ်နော် ... မဝေပြောသလိုပေါ့ 
အစ်ကိုတော်တစ်ယောက် စိတ်၏ အေးချမ်းမှုနဲ့ အတူ
အမြဲထာဝရ ငြိမ်းချမ်းသာယာတဲ့ ဘ၀လေးတစ်ခုကို
ရရှိပါစေနော် :)
ညီမငယ်
ပန်းခင်းလေး
တန်ဘိုးရှိတဲ့ ပို့စ်ကောင်းတစ်ပုဒ်ပါ ..။
ရေးသူရဲ့ အတွေးနဲ့ဖြစ်တည်မှုကို အရေးနဲ့ ဖေါ်ပြပေးထားတာလေးကို လေးစားတယ် ..။
မိုးသောက်ရေ..လာလည်သွားတယ်..မှတ်ချက်ပေးသွားတာ ကျေးဇူးပါပဲ။ ခင်မင်လျက်-
လူတွေအားလုံးကစိတ်စေရာကိုလိုက်နေကြတာဘဲ။
ဖမ်းလိုက်ဦးမယ်နော်။လွတ်နေတဲ့အဲဒိစိတ်တွေ
း)
Post a Comment