သင် ကံထူးသူလား ... ကံဆိုးသူလား ... ကံထူးသူများဟာ တရားအားထုတ်ခွင့်ရကြတယ် ... ကံဆိုးသူများဟာ တရားနဲ့ လွဲကြတယ်...ကံအလွန်ဆိုးသူများဟာ တရားကို ရှောင်ကြတယ် ... အချိန်တိုင်းဟာ သင်လူ့ပြည်က ထွက်ခွာဖို့ အချိန် ဖြစ်နိုင်တယ် ... တရားမမေ့ပါနှင့် ... သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိ အသုံးချပါ ... သေရင် အားလုံး ထားခဲ့ရမှာ ...

23.1.09

သံဃာ အခြေ တိုးမြင့်စေဖို့


ဒီ post လေးဟာ ကျနော့်ရဲ့ post တစ်ရာ မြောက်လေးပါ ...တစ်ရာမြောက် ပို့စ် လေးမှာ ဘာရေးရင် ကောင်းမလဲလို့ စဉ်းစား မိနေတဲ့ အချိန်မှာပဲ ဆရာတော် ဦး ကောဝိဒ နဲ့ online ပေါ်မှာပဲ တွေ့ဆုံ စကား ပြောဖြစ်ခဲ့ပါတယ် ... ဆရာတော် မိန့်ကြားရာက တစ်ဆင့် ဆရာတော်ရဲ့ ဆိုက်ဒ် လေးကို ရောက်ရှိခဲ့ပြီး ဆရာတော်ရဲ့ လုပ်ဆောင်မှုတွေကို သိခွင့်ရရှိခဲ့ပါတယ် ....တစ်ကယ်တော့ ဆရာတော်ဟာ မွန်မြတ်သန့်စင်တဲ့ စေတနာနဲ့ online စာမျက်နှာပေါ်မှာရော တစ်ကယ့် လက်တွေ့နယ်ပယ်မှာပါ ပညာဒါန ပြုရင်း သာသနာ ပြုနေတဲ့ ဆရာတော် တစ်ပါးပါ ..

ဆရာတော်ရဲ့ အလှူဒါန ဒီထက် မက ထပ်မံ တိုးပွားစေဖို့နဲ့ ကျနော့်ရဲ့ အိမ်နီးချင်း ညီအစ်ကို မောင်နှမ မိတ်ဆွေ တစ်စုပါ ဆရာတော်ရဲ့ ပညာဒါန ကို ဘာဝနာ ပွားများပြီး အုပ် တစ်ချပ် သဲ တစ်ပွင့်ပဲ ဖြစ်ဖြစ် ကုသိုလ် ပါဝင် လှူဒါန်း နိုင်ကြစေဖို့ ဆရာတော်ရဲ့ ခွင့်ပြုချက် ရယူပြီး မူရင်း ပို့စ်လေးကို ဖော်ပြလိုက်ရပါတယ်ခင်ဗျာ ..

စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး၊လပြည့်ဝန်းလမ်း၊သာသနဝေပုလ္လကျောင်းတိုက်တွင် ၂၁.၁.၂၀၀၉
ရက်ဗုဒ္ဓဟူးနေ့တွင် သင်တန်းများကိုတိုးချဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီသင်တန်းကို မနက် ၆း၀၀ နာရီ
မှာစတင်ဖွင့်လှစ်ခဲ့ပါတယ် ။ မနက် ၆း၀၀ နာရီမှ ၈း၀၀ နာရီအထိ လူပုဂ္ဂိုလ်များကိုသင်ကြားပေး
ခဲ့ပြီး နံနက်၈း၀၀ နာရီမှ ၁၀း၀၀ နာရီအထိကို ရဟန်းတော်များအားသင်ကြားပေးခဲ့ပါတယ်။
နံနက်၁၀း၀၀ နာရီမှ နေ့ ၁၂း၀၀ နာရီအထိကိုတော့ A+ ဘာသာရပ်ကိုသင်ကြားပေးခဲ့ပါတယ်။

သင်တန်းအချိန်မတိုင်ခင် ၁၅ မိနစ်အလိုမှာသင်တန်းကိုဆင်းခဲ့ပါတယ်။ စက်တွေအနားပေးဖို့
အတွက်ဖြစ်ပါတယ်။ မနက်ပိုင်းကတော့မီးပျက်လို့မီးစက်မောင်းခဲ့ရပါတယ်။ ဒီနေ့တော့ မီးမပျက်သေးပါဘူး။
ဒါပေမဲ့ မီးအားက တော်တော်နည်းနေလို့ မီး အ၀င်ကို ၅၀ ၀ပ်ပဲရောက်တယ်။
အဲဒါနဲ့ ဦးဇင်းတို့ကျောင်းနားမှာ ဇိနောဒယပရိယတ္တိစာသင်တိုက် ဆရာတော် က မီးကြိုးသီးသန့်
ဆွဲထားတာရှိပါတယ်။ ဦးဇင်းလည်း မီးအားနည်းတာနဲ့ ဆရာတော်ကြီးကိုသွားရောက်လျှောက်
ထားခဲ့ပါတယ်။ ဆရာတော်က မီးကြိုးကို ဆွဲခွင့်ပြုတာနဲ့ ဦးဇင်းမနေ့ နေ့လည်ပိုင်းကစပြီး
မီးကြိုးဝယ်ပြီးစတင်ဆွဲခဲ့ပါတယ်။

ဦးဇင်းတပည့်တွေကိုမှာခဲ့ပြီး မန္တလေးသင်တန်းကိုလည်းသွားရ ပါသေးတယ်။
မန္တလေးသင်တန်ကပြန်ရောက်တော့ မီးကြိုးက ဆွဲတာပြီးစီးနေပါပြီ။ ဒီနေ့ မနက်တော့ ကျောင်းထဲက မီးကြိုးတွေကိုပါ အသစ်လဲလိုက်ပါတယ်။ ကျောင်းထဲကမီးကြိုးတွေက သေးနေတယ်လေ အဲဒီဓါတ်ပုံတွေကို အသေးစိတ် photo မှာတင်ထားပါဦးမယ်။ သင်တန်းသားဦးရေကတော့ တစ်ချိန်ကို ၆ ဦးနှုန်းနဲ့ ပဲသင်ကြားပေးနေပါတယ်။

မနက်ခင်း A+ ဆရာကတော့ ကိုသက်နိုင်ဦးပါ။ သူကတော့ စင်ကာပူနိုင်ငံက နိုင်ငံတကာအသိမှတ်ပြု CCNA ဘွဲ့ လက်မှတ်ရခဲ့တဲ့သူပါ။ အခုတော့ မန္တလေးမြို့ မှာနေပါတယ် ကိုသက်နိုင်ဦးက မန္တလေးကနေ လာသင်ရတာဆိုတော့ ဆိုင်ကယ်နဲ့လာရပါတယ်။ သူကတော့ ပညာဒါနအဖြစ် သင်ကြားပေးတာဖြစ်ပါတယ်။ အဲဒိအချိန်မှာတော့ သင်တန်းသားတွေက လူတွေများပါတယ်။ သင်တန်းမှာထိုင်ဖို့ ခုံတောင် မလောက်ပါဘူး။ အဲဒီအချိန်က သီအိုရီ စာတွေ့ပဲဆိုတော့ စက်တွေမကိုင်ခိုင်းသေးပါဘူး။ အဲဒီဓါတ်ပုံ အသေးစိတ်ကိုလည်း photo မှာဖော်ပြပေး သွားမှာပါ။

ဦးဇင်း မန္တလေး သင်တန်းဖွင့်တဲ့အချိန် နေ့ လည်ပိုင်းကို သင်တန်းဆရာ ကိုဇော်ဇော်အောင်က သင်ကြားပြသပေးပါတယ်။ သင်တန်းဆရာဆိုတာ ကတော့ဦးဇင်းရဲ့တပည့်တွေပါပဲ သူတို့ တတ်မြောက်ထားတဲ့ပညာနဲ့ ဦးဇင်းကိုပြန်ကူညီတာပါ။ ဒါပေမဲ့ သူတို့က လူတွေဆိုတော့ စားဝတ်နေရေးက ရှိသေးတယ်။ သူတို့ကို လစဉ် ဦးဇင်းအနေနဲ့ လခသဘောမျိုးပေးဖို့ ရှိပါတယ်။

သူက မြစ်ကြီးနား ဘက်ကနေလာပြီး ဦးဇင်းဆီကို သင်တန်းလာတက် ပါတယ်။ နေတာကတော့
စစ်ကိုင်းမြို့ အ၀င်စေတီလှ ကျောင်းတိုက်မှာနေပါတယ်။ နေ့စဉ်ကျောင်းအတွက် ဆွမ်းချက်ပြီး
မှ ဦးဇင်းကျောင်းကို လာရပါတယ်။ နေ့လည် နေပူထဲ တောင်ပေါ်ကနေ သူနေတဲ့ ကျောင်းကိုပြန်ပြီးတော့
ထမင်းပြန်စားရပါတယ်။ ဦးဇင်းအနေနဲ့ ထမင်းကျွေးချင်ပါတယ်။ ဦးဇင်းအနေနဲ့ မတတ်နိုင်လို့ပါ။
မနေ့က သင်တန်းမှာတော့ နေလည်ခင်း ခေါက်ဆွဲထုတ်တွေ ပြုတ်ပြီး သင်တန်းဆရာတွေ အတွက်စီစဉ်ခဲ့ရပါတယ်။ နောက်ပိုင်းတော့ အဆင်ပြေရင် သူတို့ကိုပါ နေ့လည်စာကျွေးဖို့ အစီအစဉ် ရှိပါတယ်။

နေ့လည်ပိုင်း ၁း၀၀ နာရီကနေ ၃း၀၀ နာရီအထိကတော့ လူတွေပဲသင်ကြားပေးပါတယ်။ နေ့လည်၃း၀၀ နာရီကနေ ညနေ ၅း၀၀ နာရီအထိ ကတော့ ရဟန်းတော်တွေ သင်ကြားပေးပါတယ်။ အခြေခံပေါ့။ ညနေ ၅း၀၀ နာရီကနေ ည၇း၀၀ နာရီအထိ ကလည်း ရဟန်းတော်များနဲ့ လူပုဂ္ဂိုလ်များကိုတွဲပြီးသင်ကြားပေးရပါတယ်။ ညပိုင်း ၇း၀၀ နာရီမှ ၉း၀၀ နာရီအထိကိုတော့ စာချဆရာတော်များကိုသင်ကြားပေးဖို့စီစဉ်ထားပါတယ်။

စက်အင်အားထပ်ဖြည့်နိုင်ရင်တော့ပိုပြီးအဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မီးစက် ကတော့ ဒီအတိုင်းဆက်သွားလို့ မဖြစ်ပါဘူး။ ဦးဇင်းကြိုးစားပါဦးမယ်။ လောလောဆယ်တော့သင်
တန်းအတွက် ကောဇောခင်းတာနဲ့ ဆီ အတွက်ကို ဂျပန်နိုင်ငံမှ ကိုဏီရဲမှ အလှူတော်ငွေ တစ်သိန်းတိတိ လှူဒါန်းခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ပိုစ့်တစ်ခုထပ်တင်ဖို ရှိပါတယ်။ ဦးဇင်းအချိန်သိပ်မရတာနဲ့ ပိုစ့်တွေတင်ဖို့ နောက်ကျတာတွေရှိပါတယ်။ အဲဒီ အတွက်လည်း ခွင့်လွတ်စေချင်ပါတယ်။


အထက်ပါ အကြောင်းအရာများကတော့ ဆရာတော် ရေးသားထားတဲ့ မူရင်း ပို့စ် ပါ ...
ဆရာတော်ဟာ သူ တစ်နိုင် တစ်ပိုင် အားအင်နဲ့ မဆုတ်မနစ် တဲ့ ဇွဲ လုံ့လ ၀ိရိယ ကိုအရင်းခံပြီး မွန်မြတ်တဲ့ စေတနာ နဲ့ သာသနာ ပြုနေခဲ့တာပါ ...

ဆရာတော်ရဲ့ ပို့စ် ကို တင်ရင်းနဲ့ ဗုဒ္ဓဘာသာမှာ သံဃာရဲ့ အရေးပါပုံကို စဉ်းစား ဆင်ခြင်မိပါတယ် ...
ကျနော်တို့ ဗုဒ္ဓဘုရားရှင်ဟာ ဘီစီ- ၆ ရာစု နိပေါ နိုင်ငံ လုမ္မနီ ဥယျာဉ်မှာ မွေးဖွား ခဲ့ပြီး မဟာသက္ကရာဇ် ၁၀၃ ခု ၊ ကဆုန် လပြည့်နေ့မှာ ဒုက္ခ သစ္စာ ၊ သမုဒယ သစ္စာ ၊ နိရောဓ သစ္စာ ၊ မဂ္ဂ သစ္စာ ဆိုတဲ့ သစ္စာ လေးပါးကို ပိုင်းခြား သိမြင်ပြီး အ၀ိဇ္ဇာ အမှောင် ကင်းစင်ကာ ဘုရား အဖြစ်ကို ရောက်ရှိခဲ့ပါတယ် .... ဘုရားရှင်ဟာ ဘ၀ ပေါင်းများစွာ အကြိမ်ကြိမ် အဖန် အဖန် ပါရမီ ဖြည့်ကျင့်ပြီးမှာ ရလာတဲ့ သိမြင်လာတဲ့ တရားတော်တွေ အမှန်တရားတွေကို ဝေနေယျ သတ္တ၀ါတွေကြား မှာ မီးရှုး မီးတိုင်ကြီး သဖွယ် ပညာ အလင်း ဖြန့်ကျက် ပျံ့နှံ့စေခဲ့ပါတယ်..

ဒါပေမယ့် ဘုရားရှင် တစ်ပါးတည်း ဖြန့်ဝေရုံနဲ့ မပျံ့နိုင်ပါဘူး .. ဘုရားရှင် တစ်သက်တာ ဟောကြားရုံနဲ့လည်း ဝေနေယျ သတ္တ၀ါတွေဟာ မကုန်နိုင်ပါဘူး ..အဲ့ဒါကြောင့် ဘုရားရှင်ဟာ အမျှော်အမြင်ကြီးစွာနဲ့ သက်တော် ထင်ရှား ရှိနေစဉ်မှာပဲ သာသနာ့ အမွေကို ထိန်းသိမ်းနိုင်ဖို့ သံဃာ အဖွဲ့ကြီးကို ဖွဲ့စည်းတော် မူခဲ့ပါတယ် ... သံဃာ အဖွဲ့အစည်း တိုးတက်မှ အနာဂတ် သာသနာ ဟာ တည်တံ့ကြီးပွားမယ် ဆိုတာ သိမြင်တော်မူတဲ့ အတွက် ဘုရားရှင် ကိုယ်တော်တိုင် သံဃာတော်ကို ပေးလှူ ပူဇော်ခြင်းဟာ ငါဘုရားကို ပေးလှူ ပူဇော်ခြင်းပင် ဖြစ်တယ် လို့ ဟောကြားတော်မူခဲ့ပါတယ် ....

ပိုပြီး ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေဟာ ရတနာ မြတ် သုံးပါးဆိုပြီး ကိုးကွယ် ဆည်းကပ်ကြပါတယ် ... နှစ်သက် ၀မ်းမြောက် ပီတိ ဖြစ်စေတတ်တဲ့ အရာဝထ္ထုကို ရတနာ လို့ ခေါ်ပါတယ် .. ဒါပေမယ့် ရွှေ ငွေ စိန် ကျောက် သားသမီး ရတနာတွေက နှစ်သက်မှုကို ဖြစ်စေသလို စိတ်ဆင်းရဲမှုကိုလည်း ဖြစ်စေတတ်ပါတယ် ... ဘုရား တရား သံဃာ ကို ကိုးကွယ် ဆည်းကပ်သူကတော့ နှစ်သက်မှုကိုသာ ဖြစ်စေတတ်ပြီး ပူပင်ဆင်းရဲမှု ဘယ်တော့မှ မဖြစ်ပါဘူး .....ရွှေ ငွေ ရတနာ တွေထက် မြတ်လို့ ဘုရား တရား သံဃာ ကို ရတနာ မြတ် သုံးပါးလို့ ခေါ်ဆိုရတာပါ ...

ဘုရား ရတနာ ဖြစ်တဲ့ ဗုဒ္ဓ ဘုရားရှင် ဟာ ( ၄၅ ) ပါ ပတ်လုံး လူနတ် ဗြဟ္မာ သတ္တ၀ါတွေကို တရား ရေအေး အမြိုက်ဆေး ကို တိုက်ကျွေးခဲ့ပါတယ် ... ဘုရားရှင် ပရိနိဗ္ဗာန် စံသွားတဲ့ အချိန်မှာ ဘုရားရှင်ရဲ့ ဟောခဲ့တဲ့ တရားတော်တွေကို တူရာ တူရာ ပြန်စုလိုက်ကြပါတယ် ...အဲ့ဒီ အခါမှာ သုတ္တန် ၊ ၀ိနည်း ၊ အဘိဓမ္မာ ဆိုတဲ့ ပိဋက သုံးပုံ ဖြစ်ပေါ်လာပါတယ် .. တစ်နည်း အားဖြင့် တရား ရတနာ ဖြစ်ပေါ်လာပါတယ် ..အဲ့ဒီအချိန်မှာပဲ ဘုရား ရတနာ နှင့်တကွ တရားရတနာကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ဖို့ ကျင့်ကြံ အားထုတ်ဖို့ သံဃာ ရတနာ ဆိုပြီး ရှိနှင့် နေခဲ့ပါပြီ ...

သံဃာတော်တွေဟာ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေကို သင်အံ ကျက်မှတ်ကြတယ် ... သမ္မုတိ သံဃာ အဖြစ်မှ အရိယာ သံဃာ အဖြစ် ရောက်အောင် ကျင့်ကြံ ကျိုးကုတ် အားထုတ်ကြတယ် ... ပြီးတော့ တရားတော်တွေကို ပြန်လည် ဟောကြား ပို့ချ ပေးခဲ့ကြတဲ့ အတွက် ယခု ဆိုရင် ဗုဒ္ဓဘာသာ သက်တမ်းဟာ နှစ်ပေါင်း ၂၅၀၀ ကျော် တည်တံ့ ခိုင်မြဲ နေခဲ့တာ ဖြစ်ပါတယ် ...

ဒါကြောင့် ဗုဒ္ဓဘာသာရဲ့ ဆုတ်ယုတ်ခြင်း တိုးတက်ခြင်း ပြောင်းလဲမှု ဟာ ဘုရားရဲ့ သားတော်တွေ ဖြစ်တဲ့ သံဃာတော်များ အပေါ်မှာပဲ မူတည်ပါတော့တယ် ..... သံဃာ အခြေ တိုးမြင့်မှ ဗုဒ္ဓဘာသာ သာသနာ ဟာ စည်ပင် ဖွံ့ဖြိုးနိုင်မှာပါ .. ယခုဆိုရင် ဆရာတော် ဦးကောဝိဒ ဟာ သံဃာ အခြေ တိုးမြင့်စေခြင်းဖြင့် ဗုဒ္ဓဘာသာ သာသနာ ကို တည်တံ့ ခိုင်မြဲအောင် စွမ်းဆောင်နေခြင်း ဖြစ်ပါတယ် .... ခေတ်နဲ့ အညီ တရားတော်တွေ ကမ္ဘာ အနှံ့ ပျံ့နှံ့စေရန် သံဃာတွေ ရင်ဘောင်တန်း သာသနာ ပြုနိုင်ရန် အတွက် ကြိုးပမ်း နေခြင်းပါ...

ဒါကြောင့် ကျနော့် ရဲ့ ညီအစ်ကို မောင်နှမ မိတ်ဆွေတွေ အနေနဲ့ အုပ် တစ်ချပ် သဲ တစ်ပွင့် အနေနဲ့ပဲ
ဖြစ်ဖြစ် တစ်တပ် တစ်အားပဲ ဖြစ်ဖြစ် ပါဝင် ကူညီရင်း သာသနာ မျိုးစေ့ နိဗ္ဗာန် မျိုးစေ့ကို ချနိုင်ခြင်းငှာ ရည်သန်၍ ယခု ပို့စ်လေးကို တင်လိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ ....

ဆရာတော်ရဲ့ ဆိုက်ဒ်လေးကို သွားရောက်လေ့လာ ချင်တယ် ဆိုရင်ဖြင့် အောက်မှာ ရေးပေးလိုက်ပါတယ် ခင်ဗျ...
ဦးကောဝိဒ ၏ ပညာ ဒါန
kovida9@gmail.com သို့ ဆက်သွယ် မေးမြန်း နိုင်ပါတယ် ခင်ဗျ ...

ဆရာဇော်ဂျီ ရဲ့ သင်သေသွားသော် ဆိုတဲ့ ကဗျာလေးကို အမှတ်ရမိပါတယ် ...

သြော် လူ့ပြည်လောက လူ့ဘ၀ ကား
အိုရ နာရ သေရဦးမည် မှန်လေသည်တည့် ။
သို့ တပြီးကား သင်သေသွားသော်
သင်ဖွားသော မြေ သင်တို့ မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ။
သင်၏ မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း ။

ကျနော်တို့သည်လည်း ဆရာဇော်ဂျီ လိုပင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ဖြစ်ကြပါသည် .....

ရှင်းလင်းချက်
အ၀ိဇ္ဇာ.............အမှားကို သိခြင်း ၊ အမှန်ကို မသိခြင်း ၊ တွေဝေ မိန်းမောခြင်း ။
ဒုက္ခ သစ္စာ ........ဒုက္ခ ဆင်းရဲခြင်း အမှန်တရား ။
သမုဒယ သစ္စာ....ဒုက္ခ ဆင်းရဲခြင်းတွေကို ဖြစ်စေတဲ့ အမှန်တရား ။
နိရောဓ သစ္စာ ....ဒုက္ခ ဆင်းရဲခြင်းမှ လွတ်ကင်းခြင်း အမှန်တရား ၊ နိဗ္ဗာန် ။
မဂ္ဂ သစ္စာ .........ဒုက္ခ ဆင်းရဲခြင်းမှ လွတ်ကင်းရာ ကို ဖြစ်စေတဲ့ အမှန်တရား ၊ နိဗ္ဗာန် ရောက်ကြောင်း တရား ။
သုတ္တန် .............ကာလ ဒေသ ပုဂ္ဂိုလ် အခြေအနေကို ကြည့်ပြီး ဟောခဲ့တဲ့ တရား ။
ဝိနည်း ..............ရဟန်းတော်တွေ လိုက်နာဖို့ ဘုရားရှင် ပညတ်ခဲ့သော ဘုရားဥပဒေ ။
အဘိဓမ္မာ ...........ကာလ ဒေသ ပုဂ္ဂိုလ် အခြေအနေ မရွေး ဟောခဲ့သော တရား ၊ ထူးကဲ လေးနက် မှန်ကန်သော တရား ။
သမ္မုတိ သံဃာ....မင်္ဂဖိုလ် ရကြောင်း တရားတော်တွေကို သင်အံနေဆဲဖြစ်တဲ့ သံဃာ ။
အရိယာ သံဃာ....ကိလေသာ အညစ်အကြေး ဟူသမျှ ပယ်ဖျက်ပြီးသော သံဃာ ။

ကျမ်းကိုး ။
ဆရာ ဦးသောင်းလွင် ၏ မိရိုးဖလာ လွန် ဗုဒ္ဓဘာသာ ။
ဆရာတော် ဦးသုမန ရေးသား ပြုစုအပ်သော မိုးကုတ် သာသနာ ဥာတပရိညာ စခန်း အခြေခံ ပဋိစ္စသမုပ္ပါဒ်သင်တန်း ။
အစ်ကို တစ်ယောက် ပြုစုထားသော ဗုဒ္ဓဘာသာ မှတ်စု ။

စစ်ကိုင်း သင်တန်းကျောင်းမှ ဓါတ်ပုံတွေ ဖြစ်ပါတယ် ...













အားလုံးပဲ သာသနာ့မျိုးစေ့ နိဗ္ဗာန်မျိုးစေ့ စိုက်ပျိုးနိုင်တဲ့ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်များ ဖြစ်နိုင်ကြပါစေခင်ဗျာ ...
ခင်မင် တဲ့ မိုးသောက် ..

14 ဝေဖန်မှု:

ကိုစွမ်း said...

သူငယ်ချင်းရေ...ပို့ ၁၀၀ မြောက်ပို့လေးက တစ်ကယ်ကို အဓိပါယ်ပြည့်စုံသွားပါပြီကွာ..ဆက်လက်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်

မသက်ဇင် said...

မိုးသောက်ရေ---
၁၀၀ မြောက် ပိုစ့်လေးကို လာဖတ်ပါတယ်---
သာဓု-- ခေါ်သွားပါတယ်---
အစစ အရာရာ အဆင်ပြေပါစေ---

အိပ်မက်နိဒါန်း said...

၁၀၀ မြောက်ပိုစ့်ကလေးက တကယ်ကိုအကျိုးရှိသွားတယ်.

ဝါ၀ါခိုင်မင်း said...

အကျိုးရှိတဲ့ ပို့စ် ၁၀၀ ပြည့်လေးဖတ်သွားပါတယ်
မောင်လေးရေ. အစ်မ ဒီပို့စ်လေးကို ကိုရန်အောင် ဆီ
မှာလဲဖတ်ပြီးပါပြီ၊ ဖတ်ပြီး ကတည်းက အလှုလုပ်ချင်
စိတ်ရှိနေပါတယ်။ အခုတော့ အကြောင်းကြောင်းတွေ
ကြောင့် အလှုမထည်နိုင်သေးပေမယ့် နောက်နှစ်မြန်မာ
ပြည်အပြီးပြန်တဲ့အခါ လှုနိုင်အောင် ကြိုးစားသွားပါမယ်
မောင်လေးရေ.
မောင်လေး ထပ်ရေးထားတာလေးတွေလဲ အလွန်ပဲ
ကောင်းပါတယ်။အလှုလုပ်တာလဲ ၀ါသနာပါတယ်၊ အလှုလဲလုပ်ချင်ပါတယ် ။ မြန်မာပြည်
ပြန်ရောက်မှပဲ အတိုးချလုပ်နိုင်တော့မယ်။

ပို့စ်လေးအတွက်ကျေးဇူးပါ မောင်လေးရေ။
မမ၀ါ

မောင်မျိုး said...

ရေးတော့မယ်ပေါ့ အမယ် စိတ်မထင့်ပါနဲ့ ရေးချင်ရာသာရေး :P

ရေးမယ် မထင့်ပါဘူး

မိုးသောက်ရဲ့ တစ်ရာမြောက်ပို့စ်ကတော့ တန်ဖိုးရှိလှပါတယ် ။ စာတွေ အများကြီးဆက်ရေးနိုင်ပါစေဗျာ ပို့စ် 100 ကနော် 10000000000000000 ထိပေါ့ ဘဲဥတွေများသွားလားမသိ ;P

ဝေလေး said...

အစ်ကိုမိုးသောက်ရဲ့ ပို့စ်တစ်ရာပြည့်လေးက အဓိပ္ပာယ်ရှိတယ်။ တန်ဖိုးရှိတဲ့ ပို့စ်လေးပဲ။
:)

ဆုငယ်. said...

တန်ဖိုးရှိတဲ့ ပိုစ် ၁၀၀ မြောက် လေးပါရှင်။ လာဖတ်သွားပါတယ်။ ပိုစ် ၁၀၀မှ နောက်ထပ် အကို မိုးသောက်တစ်ယောက် ပိုစ် ၁၀၀၀ ထိ ဆက်ရေးနိုင်ပါစေလို့ ။

သူမလေး said...

အကိုရေ..သမီးစာတွေလာဖတ်သွားပြီနော်။ မနေ့ထဲက ကွန်းမန့်ပေးမလို့ပဲ ဒါပေမယ့် အလုပ်နည်းနည်းရှုတ်နေလို့ မပေးဖြစ်ခဲ့ဘူး။ sorry ပါနော်။ အကိုရဲ့ပို့စ်၁၀၀မြောက်လေးမှသည် ရာပေါင်းများစွာသောပို့စ်တွေကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ ဆက်လက်ပြီးတော့လည်းဒီလိုအကျိုးရှိတဲ့ပို့စ်မျိုးလေးတွေဖြန့်ဝေနိုင်ပါစေလို့။

khin oo may said...

၁၀၀ မြောက် ပိုစ်လေးကိုဖတ်သွားပါတယ။်

မိုးသား said...

ကိုမိုးသောက်...
အခုမှ လာဖတ်နိုင်တယ်..ခွင့်လွှတ်ပါ
စောစောကသာ ဖတ်မိရင်..ဒီအကြောင်းတွေ..
ဒီပို့စ်တွေကို ကျွန်တော်အခု လုပ်နေတဲ့ အခမဲ ဘာသာရေး စာစောင်လေးမှာ ထည့်ဖြစ်မှာပဲ..
ဆောင်းပါး မရှိလို့ တော်တော် စိတ်ညစ်ခဲ့ရတာမို့လေ..
အစ်ကိုရေ..
နောက်ဆိုရင်တော့
ကျွန်တော်တို့ စာစောင်လေးအတွက် ဆောင်းပါးတွေ တောင်းရဦးမယ်
ရေးပေးမယ်လို့ မျှော်လင့်ပါတယ်
ကျွန်တော်တို့ လုပ်တဲ့ စာစောင်လေး ထွက်တဲ့နေ့မှာ ..ကျွန်တော့်အိမ်မှာ တင်ပါမယ်
ဒီလ ကုန်လောက်မှန်းထားပါတယ်။
အစ်ကို မိုးသောက်ရေ..
မြန်မာနိုင်ငံမှာ နေနေရတာမို့
ဘလော့ဂ်တစ်ခါဝင်ဖို့ တော်တော်လေးကို စိတ်ရှုတ်ရပါတယ်။
ဘယ်ဘလော့ဂ်မှ ပုံမှန် သွားမဖတ်နိုင်ပေမယ့်
ကျွန်တော် ဖတ်ချင်တဲ့ ဘလော့ဂ်ပို့စ်လေးတွေကိုတော့ မရရအောင် စိတ်မှာ မှတ်ပြီး ဖတ်ဖြစ်ပါတယ်.။
ပြောချင်တာက ဒီပို့စ်လေးအတွက်..ကျေးဇူးပါ..
အထူးသဖြင့် အစ်ကိုဟာ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဆိုတာ သိခွင့်ရလိုက်တဲ့အတွက် ...ကျွန်တော် အများကြီး ကျေနပ်ပျော်ရွှင်ရပါတယ်။
ခင်မင်လေးစားတဲ့
မောင်မိုးသား

ပုလဲ said...

တန်ဖိုးရှိပြီး ကုသိုလ်အပြည့်နဲ့ ကိုမိုးသောက်ရဲ့ပို့စ် ၁၀၀ မြောက်ကိုဖတ်သွားပါတယ်
ဆရာဇော်ဂျီမှတစ်ဆင့် ကိုမိုးသောက်ရဲ့စေတနာ

ဘလော့လေးနောက်များလည်း ပိုလို့ကောင်းမွန်ပါစေ
ပို့စ်များစွာကို မျှော်လင့်ရင်းဖြင့်

ပု လဲ :P

ကောင်းကင်ပြာ said...

တန်ဖိုးရှိတဲ့၁၀၀မြောက်ပို့စ်လေးဖတ်သွားပါတယ်

flower.poem said...

ပို့စ်၁၀၀မြောက်မှာ ဘာသာရေးနဲ့ပတ်သက်တဲ့ပို့စ်လေး ဖြစ်လို့ အရမ်းတန်ဖိုးရှိပါတယ်.

H.E.Mr.Sihar Thant Zin Lin said...

Myanmardaily.net ကတစ်ဆင့် ဘာသာရေး
နှင့်ပတ်သက်တာတွေဝင်ရောက်လေ့လာနေ
တာဒီကနေ့နဲ့ဆို(၄)ရက်ရှိသွားပြီ။နေ့တိုင်းလာ
ကြည့်ဖြစ်တယ်။ကောင်းပါတယ်ခင်ဗျာ။