မမ၀ါရဲ့ သေဖို့ တစ်လအလို ဆိုတဲ့ တက်ဂ်ပို့ လေးကိုရေးဖို့ ဆုံးဖြတ်ပြီးချိန်မှာပဲ စုတေခါနီး စိတ်ကလေးဟာ ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာကို စဉ်းစားဆင်ခြင်မိတဲ့ အတွက် ဒီပို့ လေး အတွက် အသေတတ်သည် ဆိုရာဝယ်လို့ပဲ ခေါင်းစဉ်ကို
ပေးမိပါတယ် ။ ဘာလို့လဲ ဆိုတော့ အသေတတ်အောင် ဟောခဲ့တဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်ထဲကအတိုင်း အတော် များများ ပြန်ရေးထားတာမို့လို့ပါ ။
သေတတ်အောင် ဘယ်လို ကြိုးစားရမလဲလို့ ကြည့်လိုက်တဲ့ အခါမှာ နီဝရဏ တရား ငါးပါးကို အရင်ဆုံးပြေးတွေ့ပါတယ် ။ မဂ်တား ဖိုလ်တား အပါယ်လားမည့် တရားတွေ ဖြစ်ပါတယ် ။ ၀ိပဿနာ အားထုတ်ခြင်းဟာ အသေတတ်အောင် ကျင့်တာ ဖြစ်တဲ့ အတွက် အဲ့တရားငါးပါးဟာ ၀ိပဿနာ ကျင့်တဲ့ လူကိုလည်း မဂ်ဥာဏ် ဖိုလ်ဥာဏ်မရအောင် တားပါတယ် ။ ပြီးတော့ လူတွေ သေတိုင်း သေတိုင်းမှာလည်း သေခါနီး အချိန်မှာ အဲ့ တရားငါးပါး ၀င်လာပြီး အပါယ်ကို ဆွဲချတတ်ပါတယ်။ ဘာတွေလဲ ဆိုတော့ ....
၁။ ကာမဆန္ဒ
ကာမအာရုံ၌ လိုလားတပ်မက် သာယာမှု ဖြစ်ပါတယ် ချစ်ခြင်း မုန်းခြင်း စတဲ့ သံယောဇဉ်တွေ တပ်မက်မှုတွေ အကုန်ပါပါတယ် ။
တရားအားထုတ်တယ် .. တစ်ခုခု စပြောင်းလဲမှုဖြစ်ရင်ပဲ ငါဆိုတဲ့ အတ္တက လိုလား နှစ်သက်သာယာတယ် ပြီးတော့ လှည့်ပတ်ပြီး ခံစားလိုက်တယ် တစ်ခါတည်း မဂ်ဥာဏ် ဖိုလ်ဥာဏ်ကိုပါ တားပစ်လိုက်တယ် .. ဒါဟာ ကာမဆန္ဒ နီဝရဏတရား ၀င်ပြီး နှိပ်စက်လိုက်တာပါ ။
၂။ ဗျာပါဒ
စိတ်ဆိုးမှု အမျက်ထွက်မှု မလိုမုန်းတီးမှု ဟိုလူ့ အလိုမကျ ဒီလူ့အလိုမကျ စတဲ့ အလိုမကျမှု ။
တရားအားထုတ်ပေမယ့်လည်း တစ်ခုခု တစ်ယောက်ယောက်ကို မကျေပ်မနပ်ဖြစ်နေတယ် စိတ်ထဲမှာ အလိုမကျ ဖြစ်နေတယ်ဆိုရင် ... ကိုယ်ကလည်း အဲ့စိတ်ကို ပျောက်အောင် မရှုနိုင်ဘူး ဆိုရင် ဘယ်လိုမှ ရှုမှတ်လို့ မရပါဘူး ။
ဒါဟာ ဗျာပါဒ ဆိုတဲ့ နီဝရဏတရားက ၀င်နှိပ်စက်လိုက်တာပါ ။
၃။ ထိနမိဒ္ဓ
ပျင်းရိ ငိုက်မြည်း ထိုင်းမှိုင်းလေးလံမှု ( မောဟ )။
တရားအားထုတ်ရင်းနဲ့ အိပ်ငိုက်တယ် မျှောတယ် အိပ်မက်တွေလိုလို ဘာလိုလို မြင်တယ် မထင်မရှားယောင်ဝါးဝါးတွေ တွေ့တယ်
ဒီလိုဖြစ်နေရင်လည်းပဲ မငြိမ်းချမ်းပါဘူး ထိနမိတ္တ ဆိုတဲ့ နီဝရဏ တရား ၀င်နှောက်ယှက်တာပါပဲ ။
၎။ ဥဒ္ဓစ္စ ကုက္ကုစ္စ
စိတ်ပျံ့လွင့်မှု ပြုပြီးသား မကောင်းမှုကို စိုးရိမ်ပူပန်မှု မပြုရသေးသော ကောင်းမှု အတွက် သောက စိုးရိမ်ဖြစ်မှု ။
အရှုခံကို စူးစိုက်ပြီး ရှုပါသော်လည်း စိတ်က စုစည်းလို့ မရ ... အာရုံတွေ တဖျတ်ဖျတ်နဲ့ ကုန်းပေါ် ပက်တင်ခံလိုက်ရတဲ့ ငါးတစ်ကောင်လို အာရုံတွေ ဖြတ်ဖြတ်လူး ဟိုရောက်ဒီရောက် ဖြစ်နေတယ် ဖြစ်ပြီးသားတွေ ပြန်မြင်လိုက် မဖြစ်သေးတာတွေ ကြိုတွေးလိုက် ဆိုရင်လည်း ဒါဟာ ဥဒ္ဓစ္စ ကုက္ကုစ္စ ဆိုတဲ့ နီဝရဏတရားက ၀င်နှိပ်စက်လိုက်တာပါ ။
၅ ။ ၀ိစိကိစ္ဆာ
ယုံမှား သံသယဖြစ်မှု ။
တရားထိုင်တယ် ခန္တာရဲ့ အပြောင်းအလဲကို နည်းနည်းချင်း စတွေ့တယ် ဒါပေမယ့် အတိအကျ မသိဘူး
ဟို ဟာ တွေ့သလိုလို ဒီဟာ တွေ့သလိုလို စိတ်က ထင်တယ် ။ ဘယ်လို ခံစားရသလိုလို ညာလို ခံစားရသလိုလို
အဲ့လို လိုလိုတွေ များနေခြင်းဟာ ၀ိစိကိစ္ဆာ ပါပဲ ။
ဝိပဿနာရဲ့ ထူးခြားချက်က အသိဥာဏ် တစ်ခု ပွင့်ပြီ ဆိုတာနဲ့ မှန်တယ် ဟုတ်တယ် ဆိုတာကို ဘယ်သူမှ ရှင်းပြစရာမလိုပဲ ကိုယ့်အလိုလိုသိပါတယ် ။ အဲ့ အသိဥာဏ်ဟာ နှလုံးသားထဲထိ စူးနစ်ပြီး သြော် ဘုရားဟောတာ ဟုတ်လိုက်တာပါလား ဆိုပြီး တစ်ကယ့်ကို စစ်မှန်တဲ့ ကြည်ညိုစိတ်တွေ ကျေးဇူးတင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်ပြီး နှလုံးသားမှာ အုတ်မြစ်တစ်ခု တည်မိတာပါပဲ ။
အဲ့လိုမှ မဟုတ်ပဲ ယောင်ယောင်ဝါးဝါးနဲ့ ဟိုလိုလို ဒီလိုလို သလိုလို ဆိုရင်ဖြင့် သေချာပါတယ် အဲ့ဒါ ၀ိစိကိစ္ဆာ ။
ဒါကြောင့် နည်းမှန်လမ်းမှန် ရှင်းပြနိုင်တဲ့ ဆရာကောင်းသမားကောင်း အရေးတကြီး လိုအပ်တယ်ဆိုတာ ဘုရားရှင် အပါအ၀င် ရဟန္တာကြီးတွေ အဆက်ဆက် ပြောခဲ့တာပါ ။
နီဝရဏ တရားငါးပါးကို အကျဉ်းမျှ တင်ပြခြင်း ဖြစ်ပါတယ် ။
ဒီတရားငါးပါးဟာ တရားအားထုတ်ချိန် နဲ့ လူတိုင်းလူတိုင်း သေခါနီး အချိန်တွေမှာ ၀င်လာတတ်ပါတယ် ။ တစ်ကယ့် ချက်ကောင်းတွေမှ ၀င်တာပါ ။ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရတော့မယ် ဆိုရင် ၀င်လာပြီ ။ သေတော့မယ် ဆိုရင် ၀င်လာပြီ ။ တစ်ကယ့်ကို မဂ်တား ဖိုလ်တား အပါယ်လားစေမည့် တရားငါးပါး ပါပဲ ။
ဝိပဿနာ ဘာဝနာကို နေ့စဉ်ကျင့်ကြံအားထုတ်နေတဲ့ လူတစ်ယောက်ဟာ ဒီတရားငါးပါးကို နေ့စဉ် ရင်ဆိုင်ကျော်ဖြတ် နေရတဲ့အတွက် တရားအားထုတ်ခြင်းကို အသေကျင့်ခြင်းလို့လည်း မှတ်ယူလို့ ရပါတယ် ။
ဒါကြောင့် တရားအားထုတ်ပြီး အသေတတ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ သေလွန်တဲ့ အခါမှာ ဘာပဲလာလာ ပြုံးပြုံးလေးနဲ့ ကျော်လွှားနိုင်ပြီး အေးငြိမ်းရာ ဘုံဘ၀တွေကို ကူးပြောင်းနိုင်ကြပါတယ် ။ ဒါကို ပြုံးသေလို့ ခေါ်ပါတယ် ။ အရိယာတို့၏ သေခြင်းလို့လည်း ခေါ်ပါတယ် ။
နေ့စဉ်တရားအားထုတ်ခြင်း မရှိ ။ တစ်ခါတစ်ရံ အားထုတ်ပေမယ့်လည်း နှလုံးသားမှာ ယုံမှားသံသယ မရှိအောင် အားထုတ်နိုင်ခြင်းလည်း မရှိတဲ့ လူတစ်ယောက်ဟာ သေခါနီးမှာ လာရောက် နှိပ်စက်မယ့် နီဝရဏတရား ငါးပါးကို ဘယ်လိုမှ မကျော်လွှားနိုင်ပါဘူး ။ အဲ့ တရားတွေရဲ့ နှိပ်စက်ခြင်းကို ခံရပြီး မကောင်းတဲ့ နမိတ်တွေမြင် မျက်လုံးပြုး မျက်ဆန်ပြူးနဲ့ ကြောက်လန့်တကြား တွန့်လိမ်ကောက်ကွေး တောင့်တင်းပြီး နောက်ဆုံးမှာ မျက်ရည်လည်ရွှဲနဲ့ နောင်တတွေ ပရပွ နဲ့ သေဆုံးရတာပါပဲ။ အပါယ်လေးဘုံကို မေးစရာမလိုပဲ တန်းနေအောင် ပြေးပါတယ် ။
ဆိုးလိုက်တဲ့ ကုက္ကုစ္စ ( စိုးရိမ် ပူပန်မှု ) ။
ဒါနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟောကြားခဲ့ဖူးပါတယ် ။
ကဿဖဘုရားရှင်လက်ထက်က ရဟန်းတစ်ပါးဟာ တစ်ပါးတည်း ဂဂါင်္မြစ်ကမ်းမှာ တရားအားထုတ်ကျင့်ကြံပါတယ် ။ တနေ့မှာ ဂဂါင်္မြစ်ထဲမှာ ဆွမ်းခံထွက်ဖို့ လှေစီးရင်းနဲ့ ကျူပင်လေး တစ်ပင်ကို ဆွဲမိပြီး ကျူပင်လေး အမြစ်က ပြတ်သွားပါတယ် ။ အဲ့ ပုထုဇဉ် ရဟန်းဟာ အဲ့ဒါလေးကို မမေ့မဖျောက်နိုင်ပဲ ငါတော့ လုပ်မိလေခြင်း လုပ်မိလေခြင်းရယ်လို့ တသသ သောက ဖြစ်နေပါတယ် ။ သူ့ကို အာပတ်ဖြေပေးမယ့် ပုဂ္ဂိုလ်လည်း မရှိဘူးရယ်လို့ မပြုရသေးတဲ့ ကုသိုလ်ကောင်းမှုကိုလည်း အမြဲပဲ တွေးတော စိုးရိမ်နေပါတော့တယ် ။ တစ်ကယ်တော့ ဒါလေးဟာ အပါယ်ကျလောက်တဲ့ အပြစ်မဟုတ်ပါဘူး ။ မေ့မေ့ပျောက်ပျောက် ထားနိုင်ရင်တောင် ဘာမှ မဖြစ်ပါဘူး ။
အခုတော့ အဲ့ရဟန်းဟာ အဲ့ဒီ သောကတွေ စိုးရိမ်စိတ်တွေ ပူပန်စိတ်တွေနဲ့ သီလစောင့် တရားအားထုတ်လိုက်တာ အဲ့ခေတ် သက်တမ်းအရ နှစ် ၂ သောင်းတောင် ကြာပါသတဲ့ ။ ဒါပေမယ့်လည်း အဲ့လို စိုးရိမ် ပူပန်သောကတွေ မဖျောက်နိုင်တဲ့ စိတ်တွေနဲ့ အားထုတ်တာဆိုတော့ အဲ့လောက် အားထုတ်လည်း သူ့ အသိဥာဏ်ဟာ ဘာမှ တိုးပွားမလာပါပဲနဲ့ သေလွန်တဲ့ အခါမှာ အဲ့ ဂဂါင်္မြစ်နဲ့ ကျူပင်ကို စွဲလန်းပြီး အဲ့မြစ်ထဲမှာပဲ နဂါးကြီး ဖြစ်နေပါသတဲ့ဗျာ ။
ဖားစိမ်းတွေ ငါးစိမ်းတွေ စားရင်းနဲ့ နဂါးကြီးနေလာလိုက်တာ ဂေါတမမြတ်စွာဘုရားပွင့်တော်မူလာတဲ့ အထိပါပဲ ။ နောက်ဆုံး ဘုရားနဲ့ တွေ့ပြီး တပည့်တော်ကို ကယ်ပါလို့ လျှောက်ထားပေမယ့် အဟိတ်တိရစ္ဆာန် ဖြစ်နေတဲ့အတွက် လူ့ဘ၀ ရောက်အောင် အရင်လုပ်ပါဦးလို့ ဘုရားရှင်က မိန့်ခဲ့ရတယ် ။ ဘုရားရှင်လည်း ဘာမှ မတတ်နိုင်တော့ပါဘူး ။ ဘုရားနှစ်ဆူကြား သူသတ်စားခဲ့တဲ့ ဖားတွေ ငါးတွေ အကောင်တွေရဲ့ အသက်တွေက နည်းမှ မနည်းတော့ပဲ ။ အကုသိုလ်တွေ ဒီလောက် အဆင့်ဆင့်နဲ့ လူဖြစ်ဖို့ တောင် လုံးဝ မလွယ်တော့ပါဘူး ။
ဒါကြောင့် ဘုရားရှင်က လူဖြစ်ဖို့ အင်မတန့် အင်မတန်မှာ ခက်ခဲပါတယ်လို့ ဟောခဲ့တာပါ ။ နောက်ပိုင်း ဘာဆက်ဖြစ်တယ် ဆိုတာကို ဘုရားရှင် မဟောတော့ပါဘူး ။ အဲ့ရဟန်းဟာ နှစ်ပေါင်း ၂ သောင်း သီလစောင့် တရားအားထုတ်ခဲ့ပေမယ့် ဒီ ဥဒ္ဓစ္စ ကုက္ကုစ္စ ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ စိတ် ... နောင်တ တဖန်ရရှိတဲ့ စိတ်တွေက ၀င်ရောက်နှိပ်စက်လိုက်တာ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရချင်လို့ အားထုတ်ခဲ့တာတောင်မှ အဲ့ဒါတွေ မရပဲ အပါယ်လေးဘုံကျပြီး သံသရာမှာ အဆုံးမရှိနိုင်သေးတဲ့ သံသရာ့ ခရီးသည် တစ်ဦး ဖြစ်သွားရတာပါပဲ ။ အရမ်းကို ကြောက်ဖို့ကောင်းတဲ့ နီဝရဏတရား ပါ ။
မဂ်ဥာဏ် ဖိုလ်ဥာဏ်ရခါနီးနဲ့ သေခါနီး တစ်ကယ့် အချိန်ကောင်းတွေမှ အမြဲရောက်လာတာပါ ။ ဒါကြောင့် မဂ်တား ဖိုလ်တား အပါယ်လားစေမယ့် တရားဖြစ်လို့ ဒါတွေကို ကျော်နိုင်အောင် နည်းပေးလမ်းပြမယ့် ဆရာကောင်းနဲ့ မြတ်မြင့်တဲ့ သဒ္ဒါ ၀ိရိယ သမာဓိ သတိ နဲ့ တရားအားထုတ်ဖို့ တစ်ကယ်ကို လိုပါတယ် ။ မြင့်မြတ်တဲ့ ပညာ အသိဥာဏ်ကို လျော့တိလျော့ရဲ ( အညံ့စား ) သဒ္ဒါ ၀ရိယ သမာဓိ သတိ နဲ့ ဘယ်တော့မှ မရပါဘူး ။
ကံတွေရဲ့ သဘောတရားအရ သေခါနီး ဖြစ်တဲ့ စိတ်က အရင်ဆုံး အကျိုးပေးပြီး နှစ်၂ သောင်း အားထုတ်ခဲ့ စောင့်စည်းခဲ့တဲ့ သီလ အကျိုးတွေကတော့ အကျိုးပေးခွင့် မရသေးပါဘူး ။ အကုသိုလ်ပေါ် အကုသိုလ်ဆင့်တဲ့ အတွက် အကျိုးပေးခွင့်တောင် ရချင်မှ ရတော့မှာပါ ။
အသေတတ်လို့ မြတ်ခဲ့ပုံ ။
အသေတတ်ခဲ့လို့ မြတ်ခဲ့တဲ့ အကြောင်း ဘုရားရှင် ဟောထားပါသေးတယ် ။ ဂေါတမဘုရားရှင်လက်ထက်မှာ ဖက္ခုဏ ဆိုတဲ့ ပုထုဇဉ်ရဟန်းလေးမှာ ရောဂါဝေဒနာ နှိပ်စက်ပြီး ပျံလွန်တော်မူခါနီး ဆဲဆဲ ဖြစ်နေပါတယ် ။ ဘုရားရှင်ဟာ ဒီရဟန်းလေးရဲ့ ကျွတ်ချိန်ကို သိတဲ့ အတွက် သွားရောက် မေးမြန်းပါတယ် ။
ချစ်သား ဝေဒနာ သက်သာပါရဲ့လား ဆိုတော့ ရဟန်းလေးက ရှုံ့ရှုံ့မဲ့မဲ့နဲ့ ပြန်ဖြေပါတယ် ။
အရှင်ဘုရား ဝေဒနာသည် မသက်သာ ရပ်နေသည် မရှိ တိုး၍ တိုး၍သာ လာပါတယ် ဘုရားတဲ့ ။
ဒီတော့မှ ဘုရားရှင်က ချစ်သား ဝေဒနာသည် ငါမဟုတ် ဝေဒနာက နာကျင်ခြင်းသည် ငါမဟုတ် ဝေဒနာနဲ့ ငါကို ကွဲအောင် ရှုပါလော့ လို့ တရားဟောတော်မူတယ်။
အဲ့ဒီတော့မှ ပါရမီရင့်သန်ပြီးတဲ့ ရဟန်းလေးဟာ ဆရာကောင်းသမားကောင်းရဲ့ လမ်းပြမှုကြောင့် ဝေဒနာ နဲ့ ငါ ကို ကွဲပြားအောင် ရှုနိုင်ပြီး ဝေဒနာ ကို မတုန်လှုပ်တော့ပဲ ပြုံးပြုံးလေးနဲ့ ကျော်လွှားကာ ဥာဏ်စဉ် အဆင့်ဆင့်တက်ပြီး နောက်ဆုံးမှာ အနာဂမ်စိတ်နဲ့ စုတေပြီး ဗြဟ္မာဘုံကို လားပါသတဲ့ ။
ဒီနေရာမှာ တို့လည်း သူ့လိုပဲ သေခါနီး နှလုံးသွင်းပြီး သေမှာပေါ့လို့ လူတိုင်းနီးပါး တွေးမိကောင်း တွေးမိပါလိမ့်မယ် ။ ဒါပေမယ့် ဘာလို့ အဲ့လို အလွယ်တကူ နှလုံးသွင်းနိုင်တာလဲ ဆိုတဲ့ အချက်ကိုတော့ မမေ့လျော့ကြပါနဲ့ ။ ပုရွက်ဆိတ်ကိုက်တာ အပ်လေးနဲ့ ထိုးမိတာ ခလုတ်တိုက်မိတာတောင်မှ သတိကပ်နိုင်ရဲ့လား ဆိုတာ မိမိကိုယ် မိမိ သေချာလေး ပြန်စဉ်းစားကြည့်ပါ ။ ဖြစ်ပြီးမှ သိတာ များပါတယ် ။ သေခါနီး ဝေဒနာ ဘယ်လောက်များ ပြင်းထန်လဲ ဆိုတော့ သေလောက်အောင်ကို ပြင်းထန်ပါတယ် ။ ဝေဒနာ ခံစားပြီးမှ အသက်ထွက်မှာကိုး ။ အဲ့တော့ သေလောက်အောင် ခံစားရတာပေါ့ ။
ကဲ အသက်ထွက်လောက်အောင် ခံစားရမယ့် ဝေဒနာ .. ဒီကြားထဲ ၀င်လာဦးမယ့် နီဝရဏတရားငါးပါး ... သားစွဲ မယားစွဲ သမီးစွဲ လင်စွဲ ကျောင်းစွဲ စေတီစွဲ ဥစ္စာစွဲ စတဲ့ မရေတွက်နိုင်တဲ့ အစွဲတွေ ။ ဒါတွေကြားထဲက တည်ငြိမ်တဲ့ သမာဓိနဲ့ ငါ ရဲ့ မရှိပုံ ဝေဒနာရဲ့ မရှိပုံကို ဆင်ခြင်နိုင်ဖို့ ဆိုတာ လျော့တိလျော့ရဲ တရားလုပ်ထားရုံ ယောင်တောင်တောင် ပေါင်တောင်တောင် လုပ်ထားရုံနဲ့ ဘယ်လိုမှ မကျော်လွှားနိုင်ပါဘူး ။ မကျော်လွှားနိုင်ပဲ တစ်ခုခုကိုများ စွဲသေလို့ကတော့ လားပေတော့ အပါယ်ဘုံပဲ ။
သားစွဲ သမီးစွဲ လင်စွဲ မယားစွဲရင် သူတို့ ပတ်ဝန်းကျင်မှာ ဖုတ် ပြိတ္တာ သရဲ တိရစ္ဆာန် ...
ကျောင်းစွဲ စေတီစွဲရင်တော့ ကျောင်းစောင့် စေတီစောင့် ....
ဥစ္စာစွဲရင်တော့ ဥစ္စာစောင့် .... ငရဲ တိရစ္ဆာန် အသူရကယ် စတဲ့ မကျွတ်မလွတ်ဘ၀တွေ ရောက်ရင်ဖြင့် လူပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး ။
ဒါကြောင့် လူတစ်သိန်းသေရင် တစ်ယောက် ကောင်းရာ သုဂတိဘုံ ရောက်ဖို့မလွယ်ဘူးလို့ ရဟန္တာကြီးတွေ အထပ်ထပ်အခါခါ ဟောကြားခဲ့တာပါ ။ မိမိကိုယ်တိုင်ကရော လူတစ်သိန်းရွေးရင် တစ်ယောက်အဖြစ် စကာတင် အရွေးခံနိုင်ဖို့ ပါရမီတွေ ပညာတွေ ပြည့်ဝနေပြီလား ဆိုတာ ပြန်စဉ်းစားကြစေလိုပါတယ် ။
ဆက်လက် ဖော်ပြပါမည် .........
10.11.09
အသေတတ်သည် ဆိုရာဝယ် ( ၁ )
27.10.09
လူ့ဘ၀ရခဲခြင်း နှင့် သံသရာရှည်လှပုံ
လူ့ဘ၀ရခဲခြင်းနဲ့ သံသရာရှည်လှပုံကို အကျဉ်းရုံးတင်ပြရမယ် ဆိုရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
သုတ္တန်နှစ်ခု နဲ့ ဆုံးမတော် မူခဲ့ပါတယ် ။
တနေ့သောအခါမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ လက်သည်းခွံပေါ် မြေမှုန့် အနည်းငယ်တင်ပြီး ဤလက်သည်းခွံပေါ်က
မြေမှုန့်နှင့် မဟာပထ၀ီမြေကြီး အပြည့် မြေမှုန့်တို့သည် ဘယ်မြေမှုန့်က နည်းပါသလဲလို့ မေးပါတယ်တဲ့ ။
လက်သည်းခွံပေါ်က မြေမှုန့်ဟာ တုနိုင်းလို့ မရအောင် နည်းပါးလွန်းလှပါတယ်လို့ နောက်လိုက်ရဟန်းတွေက ဖြေပါတယ်တဲ့ ။
အဲ့ခါမှာ ဘုရားရှင်က ကောင်းပြီ အသင်တို့ ပြောသော ဤနည်းပါးလှသော မြေမှုန့် ပမာဏလောက်သာလျှင် လူနတ် ဗြဟ္မာတို့ သေလျှင် လူနတ် ဗြဟ္မာ ပြန်ဖြစ်တယ် ။ ကျန်တဲ့ ဤ မဟာပထ၀ီမြေကြီး ပမာဏရှိ လူနတ်ဗြဟ္မာတို့ဟာ သေလွန်တဲ့အခါမှာ အကုန် အပါယ်ကို ဆင်းပါတယ်တဲ့ ။
ဒါကြောင့် ယနေ့ စာဖတ်သူဟာ အပါယ်က လွတ်ပါပြီလို့ ကိုယ့်ကိုယ်ကို ပြောရဲပါ့မလား ။ ကြောက်စရာကောင်းလွန်းလှပါတယ် ။
ဒါကြောင့် ၀ိပဿနာ မကျင့်သေးတဲ့ ပုဂ္ဂိုလ်ဟာ ဆင်းမှာပဲ ဆိုတာကိုတော့ စဉ်းစားစရာမလိုပဲ ဗေဒင်မေးစရာမလိုပဲ သိနိုင်ပါပြီ ။
အဲ့ တစ်ချို့က ဒီလောက်နဲ့ မသိကြသေးပဲ အပါယ်ကို သွားလည်ချင်ကြသေးတယ် ။
ဒါကြောင့် ဘုရားရှင်ဟာ အပါယ်တစ်ခေါက် သွားလည်ချင်ကြသူများအတွက် ဒုတိယ သုတ္တန်ကို ဟောပြီး ထပ်မံ ဆုံးမပါတယ် ။
အင်မတန်မှ အပြောကျယ်လှတဲ့ သမုဒ္ဒရာကြီးရဲ့ ကြမ်းခင်းပေါ်မှာ မျက်လုံး စုံကန်းနေတဲ့ လိပ်ကြီးတစ်ကောင်ဟာ
တွားသွားနေပါတယ်တဲ့ ။ သမုဒ္ဒရာအထက် ရေပြင်ပေါ်မှာလည်းပဲ သွားချင်ရာသွား မျှောချင်ရာမျှောနေတဲ့ လှည်းထမ်းပိုးတုံးလေး တစ်တုန်းရှိပါတယ်တဲ့ ။ အဲ့ ထမ်းပိုးတုံးမှာ လိပ်ခေါင်းနဲ့ စွပ်ရုံ အပေါက်လေး တစ်ပေါက် ပါပါတယ် ။
လိပ်ကန်းဟာ အနှစ် ၁၀၀ ကြာမှ ရေမျက်နှာပြင်ကို တစ်ကြိမ်ပေါ်တယ်တဲ့ ။ မျက်လုံးကန်းနေပြီး နှစ် ၁၀၀ ကြာမှ တစ်ချိန်ပေါ်တဲ့ လိပ်ကန်းနဲ့ မျှောချင်ရာ မျှောနေတဲ့ ထမ်းပိုးတုန်းက အပေါက်လေးဟာ စွပ်ဖို့ ရာ လွယ်ပါ့မလားလို့ ဘုရားရှင်က မေးပါတယ်တဲ့ ။ အဲ့ခါမှာ ရဟန်းတွေက ဘယ်လိုမှကို မဖြစ်နိုင်ပါ ဘုရား ထမ်းပိုးတုံးကို ကိုင်ပြီး ကန်းနေတဲ့ လိပ်ကန်းခေါင်းကို
လိုက်စွပ်ရင်တောင်မှာ စွပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘုရားတဲ့ ။
အဲ့အခါမှာ ဘုရားရှင်က ရဟန်းတို့ အသင်တို့ မဖြစ်နိုင်ဘူးလို့ ပြောတဲ့ လိပ်ကြီးရဲ့ ဦးခေါင်းနှင့် ထမ်းပိုးတုံးတို့သည်
အခြေအနေ တစ်ခု ကြောင့် စွပ်ကောင်းစွပ်သွားနိုင်တယ် ။ လိပ်ကန်းကလည်း ကမ္ဘာကြီးတည်သ၍ အသက်ရှည်မယ် ၊ ထမ်းပိုးတုံးကလည်း လိပ်ကြီး အသက်ရှင်သ၍ မျှောနေဦးမယ်ဆိုရင် အလွန်အင်မတန့် အင်မတန် ကံကောင်းရင်ဖြင့် စွပ်သွားနိုင်ပါတယ်တဲ့ ။ ဒါတောင် စွပ်ပါမယ်လို့ သေချာမပြောနိုင်ဘူးနော ။ စွပ်ကောင်း စွပ်သွားနိုင်ပါတယ်တဲ့ ။
အပါယ်ကို ဆင်းသွားတဲ့ လူနတ်ဗြဟ္မာတို့ကတော့ တစ်ကြိမ်ပြန်လည်ပြီး လူနတ်ဗြဟ္မာဖြစ်ဖို့ဆိုတာ အလွန်အင်မတန်မှ ရာထောင် မက ခဲယဉ်းလှပါတယ်တဲ့ ဗျာ ။
ကဲ စာရှုသူတို့ရေ အလည်သွားချင်တဲ့ ပုဂ္ဂိုလ်များ စဉ်းစားဖို့ ကောင်းပါပြီ ။ သားသမီးအတွက်များ ဆင်းချင်သေးလား မိဘအတွက်ဆိုပြီးများ ဆင်းချင်သေးလား ချစ်သူ လင်သားအတွက် ဆိုပြီးများ ဆင်းချင်သေးလားဗျာ ။
တစ်ဘ၀စာ ဂုဏ်တွေအတွက် ရာထူးအာဏာအတွက် ငွေကြေးဥစ္စာတွေ အတွက်ရော ဆင်းချင်ကြသေးလားဗျာ ။ ဘာနဲ့မှ မလဲကြပါနဲ့ဗျာ ။ အပါယ်ကို ဘယ်လိုနည်းနဲ့မှ မသွားကြပါနဲ့ ။ မတော်တဆများ အပါယ်ကျသွားခဲ့ရင်တော့ ဘယ်လိုမှ မမှီတော့ပါဘူး ကုရာနတ္ထဆေးမရှိပါပဲဗျာ ။
ယနေ့ ကျနော်တို့ဟာ လူသားအဖြစ်ကို ရရှိနေပါပြီ ၊ အင်မတန်ကံကောင်းလှတဲ့ လူသားတွေ ဖြစ်နေပါတယ် ၊
မြန်မာနိုင်ငံဟာ ထေရ၀ါဒ ထွန်းကားတဲ့ နိုင်ငံတွေထဲမှာ အထွဋ်အထိပ်နိုင်ငံ ဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာ မိသားစုမှာ မွေးဖွားလာရပြီးတော့ ဗုဒ္ဓရဲ့တရားတွေနဲ့လည်း အလှမ်းမဝေးပါဘူး ။ ပြီးတော့ အာရုံခြောက်ပါးလုံး ကောင်းမွန်တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်နေကြတယ် ။ ဒါကြောင့် အပါယ်မဆင်းချင်ရင်ဖြင့် ရခဲလှတဲ့ လူ့ဘ၀ ရနေတုန်းမှာ ၀ိပဿနာ ကျင့်ကြံအားထုတ်ဖို့ သတိပြုကြပါ ။
ဆက်လက်ပြီး ရှည်လျှားလှတဲ့ သံသရာကြီး အကြောင်းကို ဗဟုသုတ အနေဖြင့် ကြည့်မယ်ဆိုရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
တစ်ကမ္ဘာလေးကပဲ စပြီး ဟောခဲ့ပါတယ် ။
တစ်ကမ္ဘာကို ရေတွက်ရာမှာ ကပ်ကြီး လေးကပ် ရှိပါတယ် ။
၁ ။ အာယုကပ် ။
ဟိုး မရေတွက်နိုင်အောင် အသက်ရှည်လှတဲ့ infinity ထိ အသက်ရှည်လှတဲ့ သက်တမ်းကနေပြီး
အနှစ် ၁၀၀ ကြာတိုင်း ၁ နှစ် လျော့လျော့လာပါတယ် ။ ယနေ့ သက်တမ်းဟာ ၇၀ ကျော်သက်တမ်း ဖြစ်ပါတယ် ။
အနှစ် ၁၀၀ ကြာတိုင်း ကျဆင်းလာတာ အနိမ့်ဆုံးသည် ၁၀ နှစ်တန်းထိ ကျဆင်းပါတယ် ။
အဲ့ဒါကို ဆုတ်ကပ် လို့ ခေါ်ပါတယ် ။ တဖန် ဆယ်နှစ်ကနေပြီး အနှစ် ၁၀၀ ကြာတိုင်း နှစ်ဆ နှစ်ဆ ပြန်ပြန်တက်ပါတယ် ။
အဲ့လိုတက်လာတာဟာ ရေတွက်လို့ မရတဲ့ infinity ထိကို အသက်ရှည်ပါတယ် ။
အဲ့ဒီလို တက်လာတာကို တက်ကပ်လို့ ခေါ်ပါတယ် ။ အဲ့လို ကပ် တစ်ကပ်ချင်းကို အာယု ကပ် လို့ ခေါ်ပါတယ် ။
၂ ။ အန္တရကပ် ။
အာယုကပ် အတက်အဆင်း တကြိမ်လှည့်တာကို အန္တရကပ်လို့ ခေါ်ပါတယ်တဲ့ ။
၃ ။ အသင်္ချေယျကပ် ။
အန္တရကပ် ( ၆၄ ) ကပ်ပေါင်း၏ ကာလ ဖြစ်ပါတယ် ။
၎ ။ မဟာကပ် ။
အသေင်္ချေယျကပ် ( ၄) ကပ်ပေါင်း၏ ကာလ ( တစ်ကမ္ဘာ) ဖြစ်ပါတယ် ။
နောက်တစ်နည်းနဲ့ တစ်ကမ္ဘာကို ကြည့်မယ်ဆိုရင်
သံဝဋကပ် ကမ္ဘာပျက်ဆဲ ကာလ ဖြစ်ပါတယ် ။
သံဝဋဌာယီကပ် ကမ္ဘာပျက်ပြီး တည်နေဆဲ ( Void ) ဖြစ်ပါတယ် ။
ဝိ၀ဋကပ် တဖန်ပြန်ပြီး ကမ္ဘာကြီး ဖြစ်နေဆဲ ကာလဖြစ်ပါတယ် ။
ဝိ၀ဋဌာယီကပ် ကမ္ဘာဖြစ်ပြီး တည်နေဆဲ ဖြစ်ပါတယ် ။
အဲ့လေးခုပေါင်းကိုလည်း မဟာကပ် တစ်ခု တစ်ကမ္ဘာလို့ ခေါ်ပါတယ်တဲ့ ။
ဒီလိုဆိုရင် ကမ္ဘာ တစ်ခု တစ်ခုကို ဘယ်လောက်ကြာတယ် ဆိုတာ ကျနော်တို့ သတိပြုမိဖို့ ကောင်းပါပြီ ။ ကွန်ပျူတာပေါ်မှာ ဖော်ပြလို့ မနိုင်အောင် နှိပ်ကြည့်လို့ မနိုင်အောင် ကြာမြင့်လှပါတယ် ။ ကမ္ဘာနဲ့ ချီပြီး ငရဲခံနေရတဲ့ သူတွေအကြောင်း ဘုရားတစ်ဆူကနေ နောက်တစ်ဆူ ပွင့်တဲ့ ကာလအထိ ၀ဋ်ခံရတဲ့ ပြိတ္တာတွေ အပါယ်ဘုံသားတွေအကြောင်းဟာ ကျနော့်တို့ ဗုဒ္ဓဘာသာ နားတွေနဲ့ မစိမ်းလှပါဘူးဗျာ ။ မတော်တဆ အပါယ်များ ရောက်သွားခဲ့ရင် ဒါမှမဟုတ် ရပ်ပြစ်ရှစ်ပါးတွေ ရောက်သွားခဲ့ရင် ကျနော်တို့တတွေ စဉ်းစားလို့ မရအောင်ကို ကြာမြင့်လိမ့်မယ်ဆိုတာ သတိပြုပါ ။
တမော့တမောကို ကြာမြင့်လှမယ့် အချိန်တွေကို အပါယ်မှာ ဖြုန်းချင်သေးတယ်ဆိုရင်ဖြင့် ၀ိပဿနာကို မကျင့်ပဲ နေလို့ ရပါတယ် ။
တစ်ကယ်လို့ အပါယ်မှာ မခံချင်တော့ဘူးဆိုတဲ့ မိတ်ဆွေတို့သည် နောင်လာမယ့် ဘုံစဉ်စံပဲ ဖြစ်ဖြစ် ယခု တစ်ဘ၀တည်းပဲ ဖြစ်ဖြစ် သွားချင်တဲ့ ပုဂ္ဂိုလ်တို့သည် ၀ိပဿနာကို မကျင့်လို့ မဖြစ် မသုံးလို့ မဖြစ်အောင်ကို လိုအပ်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်းနဲ့ လူ့ဘ၀ ရခဲခြင်းနဲ့ သံသရာရှည်လှပုံ အကျဉ်းကို နိဂုံးချုပ်ပါတယ်ခင်ဗျာ ။
မှတ်ချက် ။ ။ သန့် တည် ပွား ဆရာ ဦးမြင့်လွင်၏ အပါယ်ပိတ်တရားမှ ကောက်နုတ်ချက် ဖြစ်ပါသည် ။
နောက်ရက်တွေမှာ ၀ိပဿနာ အဓိပ္ပာယ်နှင့် ဘာကြောင့် အားထုတ်သင့်သလဲ ဆိုတာ ကို ဆက်လက်တင်ပြပါ့မယ်ခင်ဗျ ။
အားလုံးပဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ ။
15.10.09
အပါယ်သို့ ကျရောက်ပုံ
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ် ဆိုတဲ့ အပါယ်လေးဘုံကို ဘာကြောင့် ကျရောက်ရသလဲ ဆိုတော့ မကောင်းမှု ဒုစရိုက် အကုသိုလ်တွေကို လုပ်မိလို့ပါပဲ ။ လူ့စိတ်ဟာ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။ ကုသိုလ်စိတ်မဖြစ်တဲ့ အချိန်ဟာ အကုသိုလ်စိတ်ဖြစ်တဲ့ အချိန်ပါပဲတဲ့။ ဒါဆို ကျနော်တို့မှာ နေ့စဉ်နဲ့ အမျှ အပါယ်ကို သွားရဖို့ ကံအကြောင်းတရားတွေ တောင်လိုယာလို ပုံနေပြီပေါ့ဗျာ။ ကဲ အပါယ်သွားရတဲ့ အကုသိုလ်ကံတွေကို ကြည့်ရအောင် ....
၁ ။ ပါဏာတိပါတ ၊ သူတစ်ပါး အသက်အား သတ်ဖြတ်ခြင်း ။
၂ ။ အဒိန္နဒါန ၊ သူတစ်ပါး မပေးသော ပစ္စည်းကို မတရားယူခြင်း ။
၃ ။ ကာမေသု မိစ္ဆာစာရ ၊ ကာမဂုဏ်တို့ ၌ မှားယွင်းစွာ ပြုကျင့်ခြင်း ။
ကာယ ဒုစရိုက် သုံးပါး ဖြစ်ပါတယ် ။
၁ ။ မုသာဝါဒ ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း ။
၂ ။ ပိသုဏ၀ါစာ ၊ ကုန်းတိုက်စကား ပြောဆိုခြင်း ။
၃ ။ ဖရုသ၀ါစာ ၊ ကြမ်းတမ်း ရိုင်းစိုင်းသောစကားကို ပြောဆိုခြင်း ။
၎ ။ သမ္ဖပ္ပလာပ ၊ အကျိုးမရှိ သေးနုပ် သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း ။
ဝစီ ဒုစရိုက် ( ၄ ) ပါး ဖြစ်ပါတယ် ။
၁ ။ အဘိဇ္ဈာ ၊ သူတစ်ပါး ပစ္စည်းအား ရလိုမှုနှင့် ကြံစည်သော ဒေါသစိတ် ၊ မနာလို ၀န်တိုစိတ် ။
၂ ။ ဗျာပါဒ ၊ သူတစ်ပါးအား ဖျက်ဆီးလိုသော ဒေါသစိတ် ( ဖျက်ဆီးလိုသော စိတ် )
၃ ။ မိစ္ဆာဒိဌိ ၊ မှန်သည်ကို မှားသည်ထင်၊ မှားသည်ကို မှန်သည်ထင် ၊ အယူလွဲမှား ဖောက်ပြားခြင်း ။
မနော ဒုစရိုက် ( ၃ ) ပါး ဖြစ်ပါတယ် ။ အားလုံးပေါင်း ဒုစရိုက် ( ၁၀ ) ပါးဖြစ်ပါတယ် ။
မိစ္ဆာဒိဌိဟာ ကြောက်စရာအကောင်းဆုံးပါပဲ ။ အမှန်ကို အမှားထင် အမှားကို အမှန်ထင် အယူလွဲမှားခြင်းကြောင့် ဒုစရိုက် ( ၁၀ ) လုံးကို ကျူးလွန်လိုက်ကြခြင်းပါပဲ ။ ဒါကြောင့် ဘုရားသခင်က ဦးခေါင်းမီးလောင် ရင်ဝ လှံစူးနေရင်တောင် ခဏ ထားပါဦးတဲ့ ၊ မိစ္ဆာဒိဌိကို အရင်ပျောက်အောင် ကျင့်ပါတဲ့ ၊ ဘာလို့လဲ ဆိုတော့ ဦးခေါင်းမီးလောင် ရင်ဝ လှံစူးတာဟာ တစ်ဘ၀ပဲ သေနိုင်ပြီး အယူမှားအမှတ်မှားရင်တော့ တစ်သံသရာလုံး သေလို့ မဆုံးတော့ပါဘူးတဲ့ ။
တစ်ခု ထပ်ပြီး သတိပြုရမှာက လူတွေ တော်တော်များများဟာ သတ်လိုက် ခိုးလိုက် လုလိုက် အဲ့လို လက်တွေ့ ဆိုးသွမ်းနေမှ အကုသိုလ်လုပ်နေတယ်လို့ ထင်ပါတယ် ။ တစ်ကယ်တမ်းတော့ ပါးစပ်က ပွစိပွစိ ဟိုပြော ဒီပြော စိတ်က တောင်တွေး မြောက်တွေးနဲ့ မသိလိုက် မသိဖာသာ နေ့စဉ်နေ့တိုင်း တိုးနေတဲ့ အကုသိုလ်တွေက တောင်လိုယာလို ပုံနေခဲ့ပြီးပါပြီဗျာ ။ ဒုစရိုက် ( ၁၀ ) ပါးထဲက ( ၇ )ပါးဟာ ပွစိ ပွစိ တောင်တွေးမြောက်တွေးကနေ ရလာတဲ့ အကုသိုလ်တွေပါပဲ ။
ရှေးကမ္ဘာတစ်ခုမှာ ဘုရားအလောင်းတော်ဟာ တံငါသည်မျိုးရိုးမှာ လူဖြစ်ပြီး တနေ့ လူတွေ ငါးကြီးတစ်ကောင်ကို ထုနှက်သတ်ဖြတ်နေတာကို ကြည့်ပြီး အားရကျေနပ်စိတ် ဖြစ်မိခဲ့ပါတယ်တဲ့ ။ အဲ့ဒီ အကုသိုလ်ကံ အကျိုးပေးကြောင့် ဘုရားအလောင်းတော်ဟာ အပါယ်ငရဲမှာ ကျခံခဲ့ရပြီး ဘ၀ဆက်တိုင်း ခေါင်းကိုက်ဝေဒနာစွဲကပ်ကာ နောက်ဆုံး ဘုရားဖြစ်တာတောင်မှ ရံဖန်ရံခါ ခေါင်းကိုက်ဝေဒနာကို ခံစားတော်မူရပါတယ် ။ အတွေးလေး တစ်ချက်ကြောင့် ခံလိုက်ရတာက မသက်သာလှပါဘူးဗျာ ။ ကြောက်စရာ ကောင်းလွန်းလှပါတယ် ။
အပါယ်သွားမယ့် အကုသိုလ်ကံ ဒါတင်ပဲလား ဆိုတော့ မပြီးသေးပါဘူးဗျာ ။
အထက်က ဒုစရိုက် ( ၁၀ ) ပါးကို
၁ ။ ကိုယ်တိုင်ပြုလုပ် ပြောဆို ကြံစည်ရင် (သာဟတ္ထိက) အကုသိုလ်ကံ ဆယ်ပါး ။
၂ ။ သူတစ်ပါးကို ပြုလုပ် ကြံစည် ပြောဆိုအောင် တိုက်တွန်းရင် (အာဏတ္ထိက) အကုသိုလ်ကံ ဆယ်ပါး ။
၃ ။ သူတစ်ပါး ပြုလုပ်နေတာကို ချီးမွန်းရင် (၀ဏ္ဏဘာသန) အကုသိုလ်ကံ ဆယ်ပါး ။
၎ ။ သူတစ်ပါး ပြုလုပ်နေတာကို သဘောတူ သဘောကျနေရင် (သမနုည) အကုသိုလ်ကံ ဆယ်ပါး ။
အားလုံးပေါင်း ဒုစရိုက် အပါး ( ၄၀ ) ရပါတယ် ။
ဆင်းရဲသားပဲ ဖြစ်ဖြစ် သူဌေးပဲဖြစ်ဖြစ် ဘုရင်ပဲဖြစ်ဖြစ် နတ် ဗြဟ္မာပဲ ဖြစ်ဖြစ် တိရစ္ဆာန်ပဲ ဖြစ်ဖြစ် မည်သည့် ပုဂ္ဂိုလ် သတ္တ၀ါ မဆို ဒုစရိုက် လေးဆယ်ကို ကျူးလွန်ရင်တော့ အပါယ်သို့ ကျမှာ ဖြစ်ပါတယ် ။
ဒီ ဒုစရိုက် အပါးလေးဆယ်လုံးဟာ ပြန်ချုပ်လိုက်ရင်တော့ ဒေါသ လောဘ မောဟ မာန်မာနကိုပဲ ခြေခံတာပါ ။
ဒါကြောင့် ဒေါသနဲ့ သေ ငရဲပြည် ၊
လောဘနဲ့ သေ ပြိတ္တာ ၊
မောဟနဲ့သေ တိရစ္ဆာန် ၊
မာန်မာနနဲ့ သေ အသူရကယ် လို့ ဟောခဲ့တာပါ ။ဒါကြောင့် ဒီလောဘ ဒေါသ မောဟ မာန်မာနတွေ ရှိနေသမျှ ကာလပတ်လုံး အပါယ်လေးပါးကို မလွဲမသေ ကျရောက်ရဦးမှာပါပဲ ။
ကဲ ကျနော်တို့မှာ အပါယ်သွားရမယ့် ကံတွေတော့ တောင်လိုယာလို ပုံနေပြီ ဒါတွေကို ဘယ်လို ချေဖျက်မတုန်းဆိုတော့ ဒါန သီလ သမထဘာဝနာလောက်နဲ့တော့ ဒီကံတွေကို ချေဖျက်လို့ မရပါဘူးတဲ့ဗျာ ။
ဒါန သီလ သမထဘာဝနာ ကို လုပ်နေသမျှသည် ကံအကျိုးပေးကိုသာ ရပြီး ကံလမ်းသာလျှင် ဖြစ်ပါတယ် ။
ဝိပဿနာဘာဝနာ သာလျှင် ဥာဏ်အကျိုးပေးဖြစ်ပြီး ဥာဏ်လမ်းဖြစ်ပါတယ် ။ ယနေ့ ဗုဒ္ဓဘာသာ အများစုဟာ ဒါနလည်း ပြုကြတယ် သီလလည်း စောင့်ကြတယ် သမထကိုလည်း တော်တော်ထိုင်ကြတယ် ။ ဒါပေမယ့် ၀ိပဿနာဘာဝနာကိုတော့ တော်တော်များများ အလှမ်းဝေးနေတာကို တွေ့ရပါတယ် ။
မိတ်ဆွေတို့ရေ ဒါန သီလ သမထ ကို ကြိုက်သလောက်လုပ် ၊ ဟောဒီမြေကြီးကနေ တာဝတိံသာထိ ရောက်အောင် ပစ္စည်းတွေပုံပြီး လှူ ၊ သီလ ကို ကြိုက်သလောက်စောင့် ၊ သမထကိုလည်း ကြိုက်သလောက်ကျင့် ၊ မြေလျိုးမိုးပျံ ကြိုက်တာ ဖြစ်မယ် ။ ဒါပေမယ့် အပါယ်က လွတ်ပါတယ်လို့ ပြောရင် မှားတယ်တဲ့ဗျာ ။ လွတ်ပါတယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူးတဲ့ဗျာ ။
သူ့အကျိုးပေးဟာ အပါယ်လွတ်ကြောင်းတော့ မဟုတ်ပါဘူးတဲ့ ။
ဒါန သီလ သမထ သုံးမျိုးတို့ဟာ ဘုရားမပွင့်ခင်တုန်းကလည်း ရှိပါတယ်။ ဘုရားမပွင့်တဲ့ သာသနာပမှာလည်း ရှိသလိုပဲ ဘာသာခြားများ အားလုံးတို့သည်လည်း ဒါန သီလ သမထဘာဝနာ ကို လုပ်နိုင်ပါတယ် ။ မလုပ်နိုင်တာကတော့ ၀ိပဿနာ ဘာဝနာ တစ်ခုပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ၀ိပဿနာ ကျင့်သူသာလျှင် ဘုရားသာသနာ နဲ့ မှီပါတယ်လို့ ပြောပါရစေဗျာ ။ ဒါန သီလ သမထ ကို မလုပ်ဖို့ ပြောခြင်း မဟုတ်ပါ ။
ဒီသုံးမျိုးကို အခြေခံပြီး ၀ိပဿနာဘာဝနာ ကို ကျင့်ကြံနိုင်မှသာ အပါယ်ကနေ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ် ။
ကံအကျိုးဟာ အကျိုးပေးရှိသလောက် လူနတ်ချမ်းသာကိုရရှိပြီး အကျိုးပေးကုန်တာနဲ့ အပါယ်ကို ပြန်ဆင်းမှာ ဖြစ်ပါတယ် ။
ပြောရရင် ဒါန သီလ သမထဟာ ပိုက်ဆံတစ်ရွက်နဲ့ တူပါတယ် ။
အဲ့ ပိုက်ဆံကို ရအောင် ရှာနိုင်သလို သုံးလိုက်ရင်လည်း ပြန်ကုန်သွားပါတယ် ။
ဝိပဿနာကတော့ ဥာဏ်လမ်းကြောင်း ဖြစ်တဲ့ အတွက် ပညာနဲ့ တူပါတယ် ။
အဲ့ ပညာကို သုံးစွဲလေလေ ပိုပြီး ထက်မြက် တန်ဖိုးရှိလေလေပါပဲ ။
တစ်ဘ၀သာမက သံသရာတစ်လျှောက်လုံးပါ သုံးလို့ မကုန်အောင် အကျိုးပေးလှပြီး နောက်ဆုံးမှာ နိဗ္ဗာန်သို့တိုင် ပို့ဆောင်ပေးနိုင်ပါတယ် ။ ဒါကြောင့် ၀ိပဿနာ လုပ်မှသာလျှင် အပါယ်ဘေးမှ စိတ်ချရမယ် လို့ မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါတယ် ။
ကဲ မိတ်ဆွေတို့ရေ မေ့လျော့မနေပါနဲ့တော့ဗျာ ။ ခင်ဗျားတို့ ကျနော်တို့မှာ အပါယ်သွားမယ့် ကံတွေ ပုံနေပြီဆိုတာ သတိကပ်လိုက်စမ်းပါ ။ အပါယ်မှ လွတ်မြောက်ရာလမ်းကလည်း ၀ိပဿနာ တစ်ခုပဲ ရှိတယ်ဆိုတာ သိလိုက်ပါတော့ဗျာ ။
မှတ်ချက် ။ ။ သန့် တည် ပွား ဆရာ ဦးမြင့်လွင်၏ အပါယ်ပိတ်တရားမှ ကောက်နုတ်ချက် ဖြစ်ပါတယ် ။
နောက်ရက်တွေမှာ လူ့ဘ၀ ရခဲခြင်းနဲ့ သံသရာ ရှည်လှပုံကို တင်ပြပေးပါမယ်ခင်ဗျ ။
အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေဗျာ ။
13.10.09
ဓမ္မ ဆိုသည်မှာ
ဓမ္မ ဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား သဘာဝတရားဖြစ်ပါတယ်။
မြတ်စွာဘုရားမပွင့်ခင်ကတည်းက ရှိခဲ့ပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာလည်း ရှိခဲ့ပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးနောက်ပိုင်းတွင်လည်း ရှိနေခဲ့ပါတယ်။
အချိန်တိုင်း အမြဲ မှန်ကန်နေသော တရားသည် ဓမ္မပင်ဖြစ်ပါတော့တယ် ။
မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်၍ ဓမ္မကို သိခြင်းမဟုတ် ဓမ္မကို သိရှိ နားလည် ကျင့်သုံးနိုင်ခဲ့သဖြင့်သာ
ဘုရားအဖြစ်ကို ရတော်မူခဲ့ခြင်း ဖြစ်ပါတယ် ။
ဓမ္မဆိုတဲ့ စကားလုံးဟာ လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နားလည်မှုတွေကတော့ အမျိုးမျိုး ကွဲပြားနိုင်ပါတယ် ။
ဒါကြောင့် ဓမ္မရဲ့ ဂုဏ်သတ္တိတွေကို အရင်ဦးဆုံး ပြောချင်ပါတယ် ။
၁ ။ ဓမ္မကို ပုဂ္ဂိုလ်မရွေး လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်မရွေး အသားအရောင်မရွေး အချောအလှမရွေး ဆင်းရဲချမ်းသာမရွေး အယုတ်အလတ်အမြတ်မရွေး ကျင့်သုံးနိုင်ပါတယ်။
၂ ။ ဓမ္မကို နိုင်ငံတွေ မြို့တွေ ရွာတွေ အိမ်တွေ ရပ်ကွက်တွေ စတဲ့ နေရာတွေ မရွေးပဲ ကျင့်သုံးနိုင်ကြပါတယ်။
၃ ။ ဓမ္မကို မနက် နေ့လယ် ည နေ့ ရက် လ နှစ် စတဲ့ အချိန်တွေ မရွေးပဲ ကျင့်သုံးနိုင်ပါတယ်။
အဲ့ဒီလို လူမရွေး နေရာမရွေး အချိန်မရွေး ဓမ္မကို ကျင့်သုံးနိုင်ပြီးတော့ ကျင့်သုံးသူတိုင်းကိုလည်း အောက်ပါ အကျိုးကျေးဇူးတွေကို ပေးနိုင်စွမ်းပါတယ် ။
၁ ။ ကာမရာဂ တဏှာရာဂ စတဲ့ စိတ်ရဲ့ ငမ်းငမ်းတက် လိုချင် ဆာလောင်မွတ်သိမ့်မှုတွေကို အငတ်ပြေစေနိုင်ပါတယ်။
၂ ။ စိတ်ဖြူစင်ပြီး ကုသိုလ်ကောင်းမှု တိုးပွားကာ ကောင်းကျိုးအဖြာဖြာ မိမိအပေါ်မှာ သက်ရောက်စေပါတယ်။
၃ ။ ကိုယ်အမူအယာ နဲ့ စိတ်အစဉ်ကို အမြဲ ကြည်လင်သန့် ရှင်း နေစေပါတယ်။
၎ ။ ကိုယ် စိတ် နှစ်ပါးလုံး အေးမြစေတဲ့အပြင် အငြိမ်းဓါတ်ကို စတင်တွေ့ရှိပြီး ထာဝရငြိမ်းချမ်းရာ နိဗ္ဗာန်သို့တိုင်အောင် အကျိုးပြုနိုင်ပါတယ်။
တစစနဲ့ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ အညီ လူတွေရဲ့ လိုချင်မှု ရချင်မှု ဖြစ်ချင်မှုတွေ စတဲ့ အလိုဆန္ဒတွေများပြားလာတာနဲ့ အမျှ ဓမ္မရဲ့ ဂုဏ်သတ္တိ ဂုဏ်ကျေးဇူးတော်တို့ဟာလည်း ညှိးမှိန်လာခဲ့ပါတယ် ။
ဒါကြောင့် ဒီဘက်ခေတ်မှာ ရှိတဲ့ လူသားတော်တော်များများဟာ ဓမ္မကို ငါတို့နှင့် မဆိုင်သလိုလို နေလာကြတဲ့အတွက် ဓမ္မရဲ့ မြင့်မြတ်လှတဲ့ အကျင့်မြတ်တရားတွေကို ကျင့်သုံးသူ မြတ်နိုးသူ ရှားပါးလာခဲ့ပါတယ် ။
ဓမ္မဆိုတဲ့ စကားလုံးကိုသာ သိပြီး ကျင့်သုံးသူ မြတ်နိုးသူ အလွန်အင်မတန် နည်းလာခဲ့ပါတယ် ။
ဓမ္မဆိုတဲ့ အသံကြားတာနဲ့ တီကောင်ကို ဆားနဲ့ တို့သလိုပါပဲ ။ ဝေးဝေးကို ရှောင်ပြေးကြပါတော့တယ် ။
တစ်ကယ်တော့ ဓမ္မဟာ လူမရွေး နေရာမရွေး အချိန်မရွေး အခုကျင့်သုံးရင် အခုကောင်းကျိုးတွေ ရနိုင်တဲ့ ဆေးကြီးတစ်ခွက်ပါပဲ ။
ဒါကြောင့် ဘယ်ခေတ် ဘယ်အခါပဲ ဖြစ်ဖြစ် ဓမ္မဟာ အမြဲ မှန်ကန်စေတဲ့အတွက်
၁ ။ သစ္စ၀ါဒ( ထာဝရမှန်ကန်သောဝါဒ) Universal law , Universal Truth , Noble Truth ဖြစ်ပါတယ် ။
၂ ။ ၀ိဘဇ္ဇ၀ါဒ ( မည်သည့်လွှမ်းမိုးမှု မည်သည့်ချုပ်ကိုင်မှုမှ မပါပဲ လွတ်လပ်စွာ လေ့လာ ဆန်းစစ် ကျင့်သုံးနိုင်သော ၀ါဒ ) ဖြစ်ပါတယ် ။
၃ ။ ဓမ္မသည် သိပ္ပံနည်းကျလှခြင်း ဖြစ်ပါတယ် ။ အလွန်အင်မတန် တိကျ သေချာပါတယ် ။
သိပ္ပံနည်းကျလှခြင်း ဆိုတဲ့ နေရာမှာ အသေးစိတ် အချက်လေးချက် ရှိပါတယ်
----(၁) Practical System လက်တွေ့လေ့ကျင့်သော ပုဂ္ဂိုလ်များ လက်တွေ့ သိနိုင်ပါတယ် ။
----(၂) Ethical System ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး လုံးဝ ပြည့်စုံတဲ့ ဓမ္မဖြစ်ပါတယ် ။
----(၃) Spiritual System စိတ်ပိုင်းဆိုင်ရာမှာလည်း လုံးဝ ပြည့်စုံလှပါတယ် ။
----(၄) Philosophical System အတွေးအခေါ်ပိုင်းမှာလည်း အင်မတန်ပြည့်စုံလှပါတယ် ။
ဒါတွေကြောင့် ဓမ္မအစစ်သည် သိပ္ပံနည်းကျလှခြင်းဆိုတဲ့ အချက်နဲ့ အင်မတန် လိုက်ဖက်ပါတော့တယ် ။
၎ ။ ဓမ္မကို ကျင့်သုံးသူဟာ အကောင်း နှင့် အဆိုးကို ခွဲခြားသိနိုင်စွမ်း ရှိပါတယ် ။
ယနေ့ အတော်များများ ပုဂ္ဂိုလ်တို့ဟာ ဓမ္မကို ကျင့်သုံးမှု ရှားပါးလာသည်နှင့်အမျှ
လိုချင်မယ် ရှာမယ် စားမယ် ကာမဂုဏ်မှီဝဲမယ် အိပ်မယ် ဆိုတဲ့ စိတ်တွေနဲ့ ပဲ လုံးထွေးနေပြီးတော့
တိရစ္ဆာန်ကဲ့သို့ နီးစပ်လာကြပါတယ် ။
အကောင်းနဲ့ အဆိုးကိုပင် ခွဲခြားနိုင်မှုနည်းပါးလာကြပါတယ် ။
ဒီနေရာမှာ အလျင်းသင့်တုန်း အကောင်း (၃)မျိုးနဲ့ အဆိုး (၃)မျိုးကို ပြောပြချင်ပါတယ် ။
အကောင်းဆုံးကနေ စပြောရရင်
----(၁)အများမှာလည်း အကျိုးရှိ မိမိမှာလည်း အကျိုးရှိသော အလုပ်ဖြစ်ပါတယ် ။
----(၂)အများမှာ အကျိုးရှိပြီး မိမိမှာ ဘာမှ မဖြစ်တဲ့ အလုပ်ဖြစ်ပါတယ် ။
----(၃)အများမှာ ဘာမှမဖြစ်ပေမယ့် မိမိမှာ အကျိုးရှိသော အလုပ်ဖြစ်ပါတယ် ။
အဆိုးဆုံးကနေ စပြောရရင်တော့
----(၁)အများမှာလည်း ထိခိုက်ပါတယ် မိမိမှာလည်း ထိခိုက်ပါတယ် ။
----(၂)အများမှာ ထိခိုက်ပြီး မိမိမှာ ဘာမှမဖြစ်ပါဘူး ။
----(၃)အများမှာ ဘာမှ မဖြစ်ပေမယ့် မိမိမှာ ထိခိုက်ပါတယ် ။
ဓမ္မကို ကျင့်သုံးသူ ပုဂ္ဂိုလ်ဟာ အဆိုးတွေကို ရှောင်နိုင်ပြီး အကောင်းတွေကိုပဲ ပြုကျင့်နိုင်မှာ ဖြစ်ပါတယ် ။
နောက်ဆုံးမှာ ထာဝရ ငြိမ်းချမ်းရာ နိဗ္ဗာန်ထိတိုင်အောင် မျက်မှောက်ပြုနိုင်အောင် စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်
Noble Person အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်အဖြစ်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ။
မှတ်ချက် ။ ။ သန့် တည် ပွား ဆရာ ဦးမြင့်လွင်၏ အပါယ်ပိတ်တရားမှ ကောက်နုတ်ချက် ဖြစ်ပါတယ် ။ အားလုံးပဲ ဓမ္မရဲ့ ဂုဏ်ကျေးဇူးတော်တို့ကို သိမြင် နားလည် ကျင့်သုံးနိုင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေဗျာ ။
အပါယ်သို့ ကျရောက်ပုံကို ဆက်လက်ပြီး တင်ဆက်သွားပါ့မယ် ခင်ဗျ ။
9.10.09
ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ
ရေချမ်းသစ်သီး ပန်းဆီမီးကို
ခိုင်ကြီးသဒ္ဒါ လှူပြီးကာမျှ
ငါ့မှာ ကောင်းကျိုး အလွန်းတိုးဟု
ယုံကိုးစိတ်ထဲ မရောင့်ရဲနှင့် ။
မစဲည နေ့ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး မြဲရှိခိုး၍
ကောင်းကျိုးပွားစည် ကြီးလာပြီဟု
ယုံကြည်အားရ စိတ်မချနှင့် ။
ဓါရဏနှင့် ဓမ္မစင်္ကြာ
မေတ္တာပဌာန်း ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော် မစောင့်မျှော်နှင့် ။
ဂုဏ်တော်ပုတီး သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ ငြိမ်သက်စွာဖြင့်
သဒ္ဒါကြည်ယုံ စိတ်ပြီးရုံဖြင့်
လုံလောက်လှပြီ မရပ်တည်နှင့် ။
သပြေသစ်သီး ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွတ် စေလွှတ်မေတ္တာ
တစ်ရာ့ရှစ်သီး စိတ်ပုတီးကို
မငြီးဆင့်ကဲ စိတ်မြဲစိတ်ပါ မဖြတ်ပါနှင့် ။
ဆက်ကာတစ်မျိုး ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန် မျှော်ကိုးမှန်က
ရုပ်နာမ်ခွဲခြား ကျင့်ပါတရားသာ
သံသရာဝဋ် ထွက်လွတ်စေကြောင်း လမ်းမှန်ကောင်းဟု
ညွတ်ပြောင်းစိတ်ထဲ ယုံကြည်စွဲလျက်
အမြဲနေ့ည ၀ိပဿနာ ဘာဝနာကို
ခိုင်မာဆန္ဒ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိ ရှိပါစေ ။
မဟာသဒ္ဓမ္ဗဇောတိက ဦးအောင်သိမ်း
15.8.09
( ၃၈ )ဖြာ မင်္ဂလာ တရားတော်
ဖြစ်တည်ပုံ
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို
နတ်လူအများ ကြံစည်ပေ။
ဘယ်သင်း ဘယ်ဟာ မင်္ဂလာစစ်ဟု
သေချာဇစ်မြစ် မသိပေ။
ဆယ့်နှစ်နှစ်တိုင် နှုတ်ပြိုင်ငြင်းလို့၊
မင်္ဂလာအခင်း မပြီးပေ။
မင်္ဂလာတရား၊ ၀ါဒများ၊ ကွဲပြား နတ်လူတွေ။
အဲဒါကြောင့် ကြံကြ စည်ကြ ကမ္ဘာ့မင်္ဂလာတွေ။
သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းဝယ်
ကိန်းအောင်းပျော်မွေ့ မြတ်စိန္တေ။
သန်းခေါင်ယံခါ မထင်ရှားသည့်၊
နတ်သားတစ်ယောက် ချဉ်းကပ်လေ။
ချဉ်းကပ်ပြီးသော် မင်္ဂလာသဘောကို
ထင်ရှားဟောဖို့ လျှောက်ပန်ချွေ။
အသေ၀နာ တရား၊ အစထား၊ ဟောကြား မိန့်ခဲ့ပေ။
အဲဒါကြောင့် နာရ ကြားရ ကမ္ဘာ့မင်္ဂလာတွေ။
အသေ၀နာ စ ဂါထာ
(၁) လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့
မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊
ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး၊ ဆက်ဆံရေး၊ မျှော်တွေး၊ သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
ပတိရူပ ဂါထာ
(၂) ကုသိုလ်ပညာ ဥစ္စာရဖို့၊
သင့်ရာဒေသ အမြဲနေ။
ရှေးက တင်ကြို ပြုခဲ့ဖူးသည့်၊
ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊
မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး၊ နေထိုင်ရေး၊ မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
ဗာဟုသစ္စဉ္စ ဂါထာ
(၃) တတ်ကောင်း တတ်ရာ ဟူသမျှကို၊
ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊
အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊
ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး၊ ဆိုရေး တတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
မာတာပိတု ဂါထာ
(၄) မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊
ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယား၊
မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊
အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး၊ ပြုစုရေး၊ မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
ဒါနဉ္စ ဂါထာ
(၅) သုံးတန်စေတနာ ဖြုစင်လန်းလို့၊
ပေးကမ်းဝေမျှ လှုနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊
သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊
သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုး ဆောင်ရွက်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
အာရတီ ၀ိရတီ ဂါထာ
(၆) မကောင်းမှုတွေ ဟူသမျှကို၊
မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့
အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့
မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား၊ သတိထား၊ တရား မမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
ဂါရဝေါ စ ဂါထာ
(၇) အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊
ဆည်းကပ် ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊
ကိုယ့်ကိုယ်နှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊
ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး၊ အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား၊ မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
ခန္တီစ ပါထာ
(၈) ၀တ်စား နေထိုင် ရန်ခပ်သိမ်း၊
စိတ်ကို ချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊
ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှကို၊
မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး၊ မှန်ကန်ရေး၊ ဆွေးနွေး မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
တပေါ စ ဂါထာ
(၉) လောကီအာရုံ ဇိမ်ယစ်မူးလို့၊
ပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္ဓစိုရ် လက်ကိုင်သုံးလို့၊
သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊
အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း၊ အလင်း ပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
ဖုဋ္ဌဿ ဂါထာ
(၁၀) ဆင်းရဲ ချမ်းသာ သဘာဝ၊
တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊
တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊
မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း၊ အေးငြိမ်း ချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
မင်္ဂလာ၏အကျိုး
(၁၁) သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊
လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊
ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊
စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ၊ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ပန်းခိုင်တွေ။
28.7.09
ဓမ္မမ မိတ်ဆွေ ညီအစ်ကိုမောင်နှမ တစ်စု ပေါင်းစည်းမှု
ဓမ္မ ကို သက်ဝင်ယုံကြည်တဲ့ ညီအစ်ကို မောင်နှမ တစ်စုရဲ့ ပေါင်းစည်းမှု အဖြစ်
ဘာသာရေး ဆိုက်ဒ် အသစ်လေး တစ်ခု လုပ်ထားပါတယ် .......
ကျနော့်ရဲ့ မိတ်ဆွေ သူငယ်ချင်းများ အားလုံးပဲ ဒီနေရာလေး မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ ...
အားလုံးပဲ ငြိမ်းချမ်းနိုင်ကြပါစေဗျာ .....
Type rest of the post here
24.7.09
ငရဲသို့ အလည်တစ်ခေါက် ( ၂ )

စုန်ချည် ဆန်ချည် မျောလျက် အတိဒုက္ခ ရောက်နေသော ထိုငရဲသား ကို ငရဲထိန်းတို့ တွေ့လျှင် သံ ငါးမျှား ချိတ်ကြီးဖြင့် ဆယ်တင်၍ ဘာအလိုရှိသလဲ ဟု မေးကုန်၏။ တမင်းဆာသည်ဟု ဆိုလျှင် ရဲရဲတောက်သော သံတုံးသံခဲတို့ဖြင့် ပြည့်သော ခြင်းတောင်းကြီး ကို ယူလာကုန်၏။ ငရဲသားသည်ကြောက်လှသော ကြောင့် ပါးစပ်ကို အတင်းပိတ်၍ ထားရှာလေ၏။ ထိုအခါ ငရဲထိန်း တယောက်က ပေါက်ချွန်းကြီးဖြင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။ အခြား ငရဲထိန်း တယောက်က ထိုနည်းတူပင် တဘက်မှ ပေါက်၍ ဖွင့်၏။ ထိုသို့ဖွင့်၍ ပါးစပ် ဟင်းလင်းပွင့်နေသောအခါ၌ ရဲရဲတောက် သော ထို သံတုံး သံခဲတို့ကို တခုပြီးတခု ပစ်ထည့်၍ ကျွေးကြ လေ၏။ ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်းလျှာ အာခေါင် လည် ချောင်း အူတို့ကို လောင်ကျွမ်းပြီးလျှင် အောက်ဒွါရမှ ထွက်သွား ကုန်၏။ ရေငတ်သည်ဟု ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သော သံရည်တို့ကို လောင်းထည့်၍ ပေးကုန်၏။ ထိုသံရည်ပူတို့သည် လည်း နည်းတူပင် လောင်၍ အောက်ဒွါရမှ ထွက်သွားကုန်၏။ ငရဲသားသည် မလှုပ်နိုင်ဘဲ ဆင်းရဲကြီးစွာကို ခံစားရလေ၏။
ကံမကုန်၍ မသေသေးပြန်လျှင် ထို ငရဲသားကို ငရဲကြီးထဲသို့တဖန် ပစ်သွင်းလိုက်ကြပြန်၏။ ဤ ငရဲဒုက္ခတို့ကို ဥပရိပဏ္ဏာသ ဗာလပဏ္ဍိတသုတ် ၊ ဒေ၀ဒူတသုတ် စသည်တို့၌ ကျယ်ဝန်းစွာ ဟောထား၏။ ထိုသုတ်တို့မှယူ၍ ဤ၌ အကျဉ်းမျှ ပြဆိုခြင်း ဖြစ်သည်။ ဤသို့ ငရဲ၌ဖြစ်၍ ဆင်းရဲကြီးစွာတို့နှင့် ရင်ဆိုင်တွေ့နေရသောသူတို့သည် ၀ိပဿနာအလုပ်ကို အားထုတ်ခွင့်မရနိုင်ရှာချေ။ သို့ဖြစ်၍ မိမိစိတ်ကို ဤသို့ သတိပြုဆင်ခြင် အပ်၏။
ဝိပဿနာ ရှုနေသော အို-သူတော်ကောင်း၊ သင်မမေ့နဲ့၊ မပျင်းနဲ့၊ မေ့လျော့ ပျင်းရိနေလျှင် သင်သည် သံသရာမှ
ထွက်မြောက်နိုင်လိမ့်မည် မဟုတ်၊ မလွတ်မြောက်နိုင်လျှင် တရံတခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်၊ ရှေးကလည်း ခံစားခဲ့ရ လှလေပြီ၊ ငရဲဒုက္ခနှင့် ကြုံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ်ကျ၍ ဘယ်လိုပင် ငိုကြွေးတောင့်တ နေသော်လည်း သင်သည် ဤ ၀ိပဿနာအလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။
သို့ဖြစ်၍ သင်မပျင်းပါနဲ့၊ မမေ့ပါနဲ့၊ ၀ိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့ = ဤသို့သော အဓိပ္ပါယ်ကိုပင် ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရားအဆုံးအမတော်ကို ရိုသေစွာ လိုက်နာပါလော့။
မာ တေ ကမာဂုဏေ ရမေဿု စိတ္တံ၊
မာ လောဟဂုဠံ ဂိလီ ပမတ္တော၊
မာ ကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။
ဘိက္ခု၊ ရဟန်း။ တုဝံ၊ သင်သည်။ ဈာယ၊ မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မာ ပမာဒေါ၊ မေ့၍ မနေလေလင့်။ တေ စိတ္တံ၊ သင်၏စိတ်ကို။ ကာမဂုဏေ၊ ငါးပါးအာရုံ ကာမဂုဏ်ထဲ၌။ မာ ရမေဿု၊ မွေ့လျော်နှစ်မြုပ် ပျော်ပိုက်၍ မနေစေလင့်။ ပမတ္တော၊ မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့်။ နိရဟံပတွာ၊ တရံတခါ ငရဲရွာသို့ ရောက်လတ်၍။ လောဟဂုဠံ၊ မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို။ မာဂိလီ၊ အလိုမကျဘဲ မမျိုရမိ ပါစေလင့်။ ဒယှမာနော၊ ငရဲမီးတပြောင်ပြောင် အပူလောင်ခံရသည်ဖြစ်၍။ ဣဒံ ဒုက္ခန္တိ၊ ဒီဟာက ဆင်းရဲလှပါတကား ဟူ၍၊ မာ ကန္ဒီ၊ ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။
တိရစ္ဆာန်ဘုံတွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့်မရနိုင်။ အဖျား၌ သံချွန်တပ်သော နှင်တံ ၊ ရိုးရိုး နှင်တံတို့ဖြင့် ထိုးဆွရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို ရုန်းဆောင်နေရသော မြင်း နွား ကျွဲ ဖြစ်စဉ်၌လည်း အားထုတ်ခွင့်မရနိုင်။
ပြိတ္တာဘုံတွင် အနှစ် သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင် ငတ်မွတ်နေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ကာလကဉ္စိက အသုရကာယ် ဘုံတွင် အရိုး အရေမျှဖြင့် အတောင် ခုနစ်ဆယ် ရှစ်ဆယ် ပမာဏ ခန္ဓာ ကိုယ်ရှိလျက် မစားရ မသောက်ရဘဲ လေ နေပူ စသည်တို့ဖြင့် ပင်ပန်း ဆင်းရဲ နေစဉ်၌လဲ အားထုတ်ခွင့် မရနိုင်။
ထို တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် အားထုတ်သော်လဲ ၀ိပဿနာဥာဏ် မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့ကို မရနိုင်ကုန်။ အိုသူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် ၀ိပဿနာအလုပ်ကို အားထုတ်နိုင်သည့် အခါပေတည်း။ သို့ဖြစ်၍ သင်မပျင်းနဲ့၊မမေ့နဲ့၊ အားထုတ်ပါလော့ ။
ဤ၀ိပဿနာ အလုပ်ဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရ၏။ အပါယ်ဆင်းရဲ သံသရာဆင်းရဲတို့မှ လွတ်ကင်းထွက်မြောက်၏။
ဤမျှ ကြီးကျယ်သော အကျိုးကို ပေါ့လျော့ပျင်းရိစွာ အားထုတ်၍ ဘယ်မှာ ရနိုင်ပါမည်နည်း။ တလ အပင်ပန်းခံ၍ တသက်လုံး ချမ်းသာမည်ဆိုလျှင် စိတ်ပါ လက်ပါ လုပ်ထိုက်၏၊ ၁၅-ရက်၊ တလ စသည် အပန်းခံ၍ အားထုတ် ခြင်းဖြင့် သံသရာ တလျှောက်လုံးတွင် တွေ့ကြုံ သွားရမည့် ဆင်းရဲဟူသမျှမှ လွတ်ကင်း ထွက်မြောက်နိုင်စေသည့် ၀ိပဿနာ အလုပ်မျိုးကို အဘယ့်ကြောင့် လောကီ အလုပ်ထက် အပန်းခံ၍ အားမထုတ်နိုင်ဘဲ ရှိအံ့နည်း။ အို....သူတော်ကောင်း မဂ်ဖိုလ် နိဗ္ဗာန် ဟူသော အလွန်ကြီးမားတဲ့ အကျိုးကို ရစေနိုင်တဲ့ ၀ိပဿနာ အလုပ်ကို ပြင်းထန်စွာ အားထုတ်ပါလော့။
ဤ၀ိပဿနာသည် သာမန် ပုဂ္ဂိုလ်တို့ သွားနိုင်သော လမ်းခရီး မဟုတ်ပေ။ ခပ်သိမ်းသော ဘုရား ပစ္စေကဗုဒ္ဓါ
အရိယာတို့သာ သွားနိုင်သောလမ်း ဖြစ်ပေသည်။ ပျင်းရိသော လူညံ့တို့သည် ဤလမ်းကို မသွားနိုင်ကုန်။ ဤလမ်းကို သွားသောသူသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့၏ ဂုဏ်ထူး အကျင့်ထူးနှင့် တစိတ်တပိုင်းအားဖြင့် ပြည့်စုံနေပေ၏။ အို ... သူတော်ကောင်း ဘုရားစသော ပုဂ္ဂိုလ်မြတ်တို့၏ ဂုဏ်အကျင့်ကို ယူရာ၌ အဘယ့်ကြောင့် ပေါ့လျော့နေပါသနည်း၊ ထိုပုဂ္ဂိုလ် မြတ်တို့၏ သွားရိုးလမ်းကို ခရီးတွင်အောင် ထက်သန်စွာနှင့် ကြိုးစား၍သာ သွားပါလော့။
အားလုံးပဲ ငြိမ်းအေးနိုင်ကြပါစေဗျာ
22.7.09
ငရဲသို့ အလည်တစ်ခေါက် ( ၁ )

စိတ်တွေရဲ့ သဘာဝဟာ မျက်စိတစ်မှိတ် အတွင်း မှာပဲ အများကြီး ပြောင်းလဲကြပါတယ် ... အာရုံတစ်ခုခုကို တည်မှီခံစားနေရမှ နှစ်သက်တဲ့ သဘောလည်း ရှိပါတယ် .... ကုသိုလ်စိတ် မဖြစ်တဲ့ အချိန်ဟာ အကုသိုလ်စိတ် ဖြစ်တယ်လို့လည်း ကြားနာ မှတ်သားဖူးပါတယ် ....
ကျနော် အဓိက ပြောချင်တာက ကုသိုလ်စိတ် ပဲ ဖြစ်ဖြစ် အကုသိုလ်စိတ်ပဲ ဖြစ်ဖြစ် ဒါဟာ ကံကို ပြုလုပ်နေခြင်းပါပဲ .... ကံကို ပြုလုပ်နေသရွေ့တော့ ကံကြမ္မာရဲ့ သားကောင် ဖြစ်နေဦးမှာပါ ....( ၃၁ ) ဘုံ အတွင်းမှာ စုန်ချည် ဆန်ချည် မျှောရဦးမယ့် သံသရာ ခရီးသည် တစ်ဦး ဖြစ်နေဦးမှာပါပဲ ....
ကိလေသာ ထူပြောတာနဲ့ အမျှ သုဂတိဘုံ ( ၂၆ ) ဘုံ မှာ တိတ်ဆိတ် ခြောက်ကပ်မယ် ..အပါယ်လေးဘုံ မှာ စည်ကားမယ် ... လူ့ပြည်မှာတော့ လူသတ်ပွဲတွေ ဖြစ်မယ် ရောဂါတွေ ထူပြောမယ် အစာရေစာ ရှားပါးမယ် ငတ်မွတ်မယ် အသက်တိုမယ် ... အဲ့လို ဟောကြားတာတွေကိုလည်း ကြားနာဖူး ပါတယ် ....
ဒါကြောင့် အခုခေတ်ဟာ ကိလေသာ အရမ်းထူပြောတဲ့ ခေတ် ဖြစ်တဲ့အတွက် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ် ဆိုတဲ့ အပါယ်လေးဘုံမှာ စည်ကားနေပြီ ဆိုတာ အထူး ပြောစရာ မလိုတော့ပါဘူး .....
ကျနော်တို့ဟာလည်း ခေတ် အလိုအရကိုက ကိလေသာ အလိုအလျောက် ထူပြောခဲ့ပါပြီ ... နှစ်သက် ခံစားတာတွေ များခဲ့ပါပြီ .... ကောင်းမှု ကုသိုလ်တွေ လုပ်ပေမယ့် တစ်ကယ့် ကုသိုလ်စိတ် ဖြစ်တာက အလွန် အင်မတန် နည်းပါတယ် .... အကုသိုလ်စိတ်တွေ တောင်လို ပုံနေခဲ့ပြီးပြီ ဆိုတာကို ချွင်းချက်မရှိ လက်ခံလိုက်ကြပါ .... ဒါကြောင့် ကံ ဖြတ်ခြင်း အလုပ်ဖြစ်တဲ့ ၀ိပဿနာကို မကျင့်နိုင်ရင်ဖြင့် ကျနော်တို့အားလုံး အနှေးနဲ့ အမြန် အပါယ်လေးဘုံကို ဆင်းရ မှာပါပဲ ....
ဒါကြောင့် ကျနော်တို့ သွားရမယ့် ( မကြာခဏ သွားနေကျ ဖြစ်တဲ့ ) အပါယ်လေးဘုံထဲက တစ်ခု အပါအ၀င်ဖြစ်တဲ့ ငရဲ ဆိုတာ ဘယ်လို ဆိုတာကို တစေ့တစောင်း သိရှိနိုင်အောင် တင်ပြရခြင်း ဖြစ်ပါတယ်.. အားလုံးပဲ သတိ သံဝေဂ ရရှိနိုင်ကြပါစေဗျာ ....
မဟာစည် ဆရာတော်ဘုရားကြီး ရဲ့ ၀ိပဿနာရှုနည်းကျမ်း ထဲမှ မူရင်း အာဘော်အတိုင်း တင်ပြထားခြင်း ဖြစ်ပါတယ် ...
မဟာစည် ဆရာတော်ဘုရားကြီး ၀ိပဿနာရှုနည်း ကျမ်း
(၀ိပဿနာရှုနည်း ၁-အခဏ်း ၁-စာမျက်နှာ ၁၂၈-မှ)
ငရဲ၌ ဖြစ်ရသော သတ္တ၀ါတို့၏ ကိုယ်သည် ၃-ဂါဝုတ် ပမာဏရှိ၏။ မြန်မာတိုင်အားဖြင့် ၄-တိုင်နှင့် တာ ၈၀၀
ရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပြင်ပေါ်၌ ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညာဘက်လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။ ဗယ်ဘက် လက်ဝါး၌လဲ နည်းတူပင် ရိုက်နှက်သွင်းကုန်၏။ ညာဘက်ခြေ ဗယ်ဘက်ခြေ ခါးလယ်တို့၌လဲနည်းတူပင် ရိုက်နှက်သွင်းကုန်၏။ ထိုအတူ မှောက်လျက် အိပ်စေ၍၎င်း စောင်းလျက်အိပ်စေ၍၎င်း ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို ရိုက်နှက်၍ ညှင်းဆဲနှိပ်စက်ကုန်၏။
အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ ဤသို့ အညှင်းဆဲခံရသော ငရဲသားတို့သည် ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လဲ များစွာစိတ်ဆင်းရဲရ၏။ အလွန်ကြမ်းတမ်းရက်စက်စွာ
ကြိမ်းမောင်းပြောဆိုသော ငရဲထိန်းတို့၏ အသံကို ကြားရ၍လဲ စိတ်ဆင်းရဲရ၏။ သံမြေပြင်ပေါ်၌ အတင်း တွန်းလှဲ၍သိပ်ခြင်း ၊ မီးလောင်ခံရခြင်း ၊ သံစို့ကြီးများဖြင့် ရိုက်နှက်မည်ကို မြင်ရခြင်း ၊ ရက်စက်စွာ သံစို့ရိုက်နှက်ခံရခြင်းတို့ကြောင့်လည်း အတိုင်းမသိ ကြီးစွာသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရ၏။ ထိုသို့သော ကာလ၌ ကယ်ပါ သနားပါ ချမ်းသာပေးပါ စသည်ဖြင့် မျက်ရည်စီးယို ငိုကြွေး မြည်တမ်းလျက် တောင်းပန်သော်လဲ မည်သူကမျှ မကယ် မသနား ချမ်းသာ မပေးချေ။ မိမဲ့ ဘမဲ့ ဆွေမျိုးမဲ့ အဆွေခင်ပွန်းမဲ့၍ တကိုယ်တည်းသာ ဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော ဆင်းရဲတွေကို အော်မြည် ယောင်ယမ်းလျက် မိနစ်စက္ကန့်မျှ မခြားဘဲ ခံစား၍ နေရရှာလေတော့၏။ ထိုသို့သော ကာလ၌ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။
ထို့ပြင် သံစို့ငါးချက်နှက်၍ မသေသေးသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတဘက်ခန့်ရှိသော တံစည်း ပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။ သွေးတို့သည် မြစ်ဖြစ်၍ စီးလေကုန်၏။ ထိုသွေးတို့မှ မီးတောက်ထပြန်၍ ရွေခုတ်ရာကိုယ်၌ စွဲလောင်လေ၏။ အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ ၏။ ထိုစဉ်အခါ၌ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။
ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုးတွဲလဲ ဆွဲထား၍ ဗန်းကြီးခန့်ရှိ ပဲဂွပ်တို့ဖြင့် ပါးပါး ပါးပါးလွှာလျက် ရွေခုတ်ကြပြန်၏။
ထိုမျှဖြင့်လဲ မသေသေးလျှင် မီးလျှံရဲရဲတောက်သော သံရထား၌ နွား မြင်း တို့ကဲ့သို့ တပ်၍ မီးကြီးခဲ တောင်ကြီးပေါ်သို့ တက်စေကုန်၏။ မတက်ဘဲ နေလျှင် ရဲရဲတောက်သော သံဒုတ်ကြီးများဖြင့် အပြင်းရိုက်၍ တက်စေကုန်၏။ တောင်ထိပ်သို့ ရောက်လျှင် တဖန် ဆင်းစေကုန်၏။ ဤသို့ တက်ချည် ဆင်းချည် အဖန်ဖန် ပြုစေကုန်၏။
ထိုမျှဖြင့်လဲ မသေသေးလျှင် ကျိုက်ကျိုက် ဆူပွက်လျက် ရဲရဲတောက်သော လောဟကုမ္ဘီ ခေါ် သံရည်ပွက် အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။ ထိုငရဲသားသည် သံရည်ပွက်ထဲ၌ ရှဲ-ကနဲကျ၍ အမြှုပ်တစီစီထလျက် နစ်မြုပ်သွားရှာလေ၏။ အနှစ်သုံးသောင်းကြားမှ ငရဲအိုး၏ အောက်စသို့ရောက်၏။ တဖန် အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အထက်နခမ်းဝသို့ ရောက်လျက် ပေါ်လာ၏။ ဘေးအရပ် မျက်နှာများသို့လဲ ဖီလာသွား၏။ ထမင်းအိုးပွက်သော အခါ၌ ဆန်စေ့ကလေးများ ကဲ့သို့ပင်တည်း။ အတိုင်းမသိသော ဆင်းရဲနှင့် ရင်ဆိုင်တွေ့နေရလေ၏။ ထိုစဉ်အခါ၌ အားထုတ်ခွင့် ကိုကား မရနိုင်တော့ချေ။
ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည် မီးတဟုန်းဟုန်း အမြဲတောက်လောင်လျက်ရှိသော ငရဲကြီးထဲသို့ ပစ်သွင်းလိုက်ကြပြန်၏။ ထိုငရဲကြီးသည်ကား အလျား အနံ အမြင့် ယုဇနာ တရာစီရှိ၏။ လေးထောင့်ညီသော သံသေတ္တာကြီးနှင့်တူ၏။ အရှေ့ဘက်နံရံမှ မီးလျှံသည် အနောက်နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တရာတိုင်အောင် ပူလောင်၏။ အနောက်နံရံ တောင်နံရံ မြောက်နံရံ အထက်သံမိုး အောက်သံမြေပြင် တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်းသာတည်း။ ထိုငရဲကြီးအတွင်း၌ ထိုမှ ဤမှ ပြေးလွှားလူးလိမ့် ဟစ်အော် မြည်တမ်း လျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။ နှစ်ပေါင်းများစွာ ကြာသော် တခါတရံ၌ ထိုငရဲကြီး၏ တံခါးဝ တခုခုသည် ပွင့်၏။ ထိုအခါ၌ ငရဲသားတို့သည် ထွက်ရန် ထိုတံခါးဆီသို့ အတင်းပြေးကြ၏။ အချို့မှာ လမ်းခရီးတွင်ပင် မောပန်း လူးလိမ့်လျက် ရှိကုန်၏။ အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။ အနှစ်သိန်းပေါင်းများစွာကြာလျှင် ထိုတံခါးကြီးသည် ပိတ်သွားလေ၏။
ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တပြိုင်နက် ဘင်ပုပ် ငရဲထဲသို့ ကျသွားလေ ၏။ မစင်ဘင်ပုပ်ထဲ၌ နစ်မြုပ်နေစဉ် ဆင်၏ လည်ပင်းခန့် လှေလုံးခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေ၏။
ထိုဘင်ပုပ်ငရဲမှ လွတ်ပြန်လျှင် ပြာပူငရဲသို့ ကျရောက်သွားပြန်၏။ ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီးခဲ ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍ ဆင်းရဲကြီးစွာကို ခံစားရပြန်၏။
ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတော ငရဲသို့ ရောက်ပြန်၏။ လက်ပံပင်တို့မှာ ၁၆လက်မ ရှည်သော ဆူးရှိကုန်၏။ ငရဲထိန်းတို့က ရိုက်နှက်၍ ထိုလက်ပံပင်တို့၌ တက်ချည် ဆင်းချည် ပြုစေကုန်၏။ လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ဘက်သို့ လှည့်၍ နေကုန်၏။ ဆင်းသော အခါ၌ အထက်သို့ လှည့်၍ နေကုန်၏။ ကြောက်လန့်တကြား လျင်စွာ တက်ရ ဆင်းရသော ငရဲသား၏ ကိုယ်သည် ထို လက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြတ်ပြဲလျက် ရှိလေ၏။
ထိုငရဲမှလွတ်ပြန်လျှင် သံလျက်တောငရဲသို့ ရောက်ပြန်လေ၏။ ရောက်သည်နှင့်တပြိုင်နက် သံလျက်နှင့်တူစွာ နှစ်ဘက်သွား ရှိသော အရွက်တို့သည် ကြွေ၍ ငရဲသား၏ ကိုယ်ပေါ်၌ ကျလေ ကုန်၏။ လက် ခြေ နား နှာ ကိုယ်အင်္ဂါတို့သည် အပိုင်းအပိုင်း ပြတ်လေကုန်၏၊ ထ၍ ပြေးပြန်လျှင် သံမြေပြင်၌ သင်ဓုန်း သွားတို့သည် ထွက်ပေါ်လျက်ရှိကုန်၏။ ရှေ့မှ သံတံတိုင်လည်း ကာရံလျက် ရှိလေ၏။ ထိုအခါ၌ အားထုတ်ခွင့်ကို မရနိုင် တော့ချေ။
ထိုငရဲမှလွတ်ပြန်လျှင် ဝေတ္တရဏီ မည်သော ကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်လေ၏။ ထိုငရဲမှာ ကျိုက်ကျိုက် ဆူသော သံရည်အထိ ပြည့်၏။ သင်ဓုန်းသွားနှင့် တူသော နွယ်များ ကြာရွက်များရှိ၏။ အောက်မြေပြင်၌ သင်ဓုန်းသွား ခင်းလျက် ရှိ၏။ ကမ်းပါးတို့၌လည်း သင်ဓုန်းသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ သမန်းမြက်များ ရှိကြ၏။ ငရဲသားသည် ထိုချောင်းကို ဆင်းမိလျှင်-မြေပြင်မှ သင်ဓုန်းသွား ရှိသောကြောင့်၎င်းင်း၊ သံရည်ပူဖြင့် လောင်ခြင်း စပ်ခြင်းကြောင့်၎င်းင်း ဗိုင်းကနဲ လဲရှာလေ၏။ လဲလျှင် ကျိုက်ကျိုက်ဆူလျှက် ပူစပ်သော သံရည်ထဲ၌ စုန်ချည် ဆန်ချည် မျောနေလေ၏။ ကမ်းပါး၌ ရှိသော ကြိမ် သမန်းမြက်တို့ဖြင့်လဲ ရှ၏၊ ချေင်းထဲ၌ ရှိသော နွယ်နှင့် ကြာရွက်တို့ဖြင့်လဲ ရှိ၏။ ငရဲသား၏ ကိုယ်သည် အစုတ်စုတ် အပြတ်ပြတ် ဖြစ်လေ၏။ ထိုစဉ်အခါ၌ အားထုတ်ခွင့်ကို မရနိုင်တော့ချေ။
( ငရဲဟူသည် စိတ္တဇ နာမ်ရုပ်များ အဆက်မပြတ် ဖြစ်ပေါ်ကာ မည်မျှ နှိပ်စက်ခြင်း ခံရသော်လည်း မသေနိုင်ပဲ ၀ဋ်ကြွေးကုန်မှသာ ငရဲစိတ္တဇ နာမ်ရုပ်များ ကုန်ဆုံးသည်ဟု မှတ်သားဖူးပါသည် ။ )
ဆက်ရန် >> ..............
20.7.09
ဓမ္မ ခေါ်သံ
ရဟန္တာ ဆရာတော်ဘုရားကြီးတွေရဲ့ ကြည်ညို မှတ်သားဖွယ်ရာ ယုံကြည် သဒ္ဒါအား တက်စရာ ဆုံးမ သြ၀ါဒ စကားတွေ ကို စုစည်းပြီး တင်ပြခြင်း ဖြစ်ပါတယ် ... ကျနော် ကိုယ်တိုင်လည်းပဲ သဒ္ဒါအား ကျလာတဲ့ အခါ ...
လောကီကိစ္စ အနှောက်အယှက်တွေများလို့ ယုံကြည်မှုတွေ လျော့တိလျော့ရဲ ဖြစ်လာတဲ့ အခါမှာ ဒီ စကားတွေကို ပြန်လည် ကြားယောင်ပြီး အားဆေး သဖွယ် သဒ္ဒါ ပြန်တင်ရပါတယ် ... မိတ်ဆွေ သူငယ်ချင်း အားလုံးလည်းပဲ ယုံကြည် သဒ္ဒါအား ပွားနိုင်စေဖို့ ရည်ရွယ် တင်ပြပါတယ် ခင်ဗျ ... မိတ်ဆွေ သူငယ်ချင်းများ ဒီ ပို့စ်လေးကို ဆုံးအောင် သေချာဖတ်ပြီး နှလုံးသားထဲမှာ အသိတရား တစ်ခု စွဲထင် ကျန်ရစ်တယ် ဆိုရင်ဖြင့် ကျနော် ရေးရကျိုး အပင်ပန်းခံရကျိုး နပ်ပါပြီခင်ဗျာ ...
အခုခေတ်က ၀ိမုတ္တိခေတ် .... သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာကြီးတွေ အဆူဆူ ပွင့်မည့်ခေတ် ...
ဒီတစ်ချီမှ မလိုက်ချင်ရင်တော့ နေရစ်ခဲ့ပေတော့ .... လူသေရင် လူပြန်ဖြစ်တယ်တော့ မမှတ်ယူကြနဲ့ ...
လောဘ ဒေါသ မောဟ မာန်မာန အတုံးလိုက် အတစ်လိုက်နဲ့ သေရင် အပါယ်လေးဘုံက လွတ်မယ် မထင်နဲ့ ....လူ့ဘ၀ ခဏ လာလည်တာ ... ခင်ဗျားတို့ အမြဲနေအိမ်က အပါယ်လေးဘုံ ...
အရိမေတ္တေယျ မြတ်စွာဘုရား မမျှော်မှန်းနဲ့ ... မှီမှာ မဟုတ်ဘူး ... အပါယ် တစ်ခါကျလို့ကတော့ ဘုရား အဆူဆူနဲ့ လွဲမှာ အသေအချာပဲ ...
ကုသိုလ်လေး လုပ်ထားလို့လည်း စိတ်ချမနေနဲ့ .... အဲ့ကုသိုလ်က သံသရာကို ဆက်နေချင်အောင် ဆွဲဆန့်တာ ... ကုသိုလ်ကံ ကုန်တာနဲ့ အကုသိုလ်ကံ ချက်ချင်း အကျိုးပေးပြီး အပါယ်လေးဘုံ ကို ပြန်လာရမှာပဲ ...
ကုသိုလ်ရော အကုသိုလ်ရော ကိုယ့်ကို နောက်က အမြဲ လိုက်ကိုက်နေတဲ့ သံသရာမှာ ဆွဲချမယ့် ခွေးတွေဆိုတာ သိထားကြ .... အဲ့ခွေးတွေကို ကုသိုလ်ခွေး အကုသိုလ်ခွေးလို့ ခေါ်တယ် ...အကုသိုလ်ခွေးက မှီတာနဲ့ အပါယ်လေးဘုံကို ချက်ချင်း ဆွဲချတယ် ... ကုသိုလ်ခွေးက မှီတာနဲ့ သံသရာမှာ ခဏ ပျော်အောင် ထားပြီး ပြီးရင်တော့ အပါယ်လေးဘုံကို ပြန်ဆွဲချတာပဲ ... မထူးဘူး ... ကိုက်တတ်တဲ့ ခွေးတွေချည်းပဲ ... အပါယ်လေးဘုံက ခင်ဗျားတို့ ရဲ့ အမြဲနေအိမ်ဆိုတာ မြဲမြဲ မှတ်ထားကြ ..
( ၃၁ ) ဘုံက ၀ဋ်ဘုံ ... ခင်ဗျားတို့ ကုသိုလ်ပဲ လုပ်လုပ် အကုသိုလ်ပဲ လုပ်လုပ် ၀ဋ်တွေကို လုပ်နေတာပဲ ... ၀ဋ်တွေလုပ်ရင် ၀ဋ်ပြန်ခံရမယ် ...အဲ့ ၀ဋ်တွေကို ဖြတ်တဲ့ ၀ိပဿနာ လုပ်မှ ခင်ဗျားတို့ ၀ဋ်ကောင်ဘ၀ က လွတ်မယ် ....
ခင်ဗျားတို့က အတိတ်တွေကို မေ့နေကြလို့ ... အ၀ိဇ္ဇာတွေ ဖုံးနေလို့ မမှတ်မိတာ .... ခင်ဗျားတို့ ငရဲ အကြိမ်ကြိမ် ကျဖူးခဲ့ပြီ ... ပင်ပန်း ဆင်းရဲခြင်း ကြီးစွာနဲ့ အကြိမ်ကြိမ် ငရဲဒဏ်ကို ခံဖူးပြီ ... နောင်တရလို့ ငိုကြွေး မြည်တမ်းတာလည်း မနည်းတော့ဘူး ....အပြစ်ကုန်လို့ အခု လူ့ ဘ၀ ပြန်ရောက်တော့ ဘာလို့ ၀ဋ်တွေကို ပြန်လုပ်နေကြသလဲ ... ဘာလို့ ဒုက္ခဆင်းရဲတွေ နောင်တတွေ မေ့ပြီး
ကိလေသာ တောမှာ တဖန် ပျော်ပါး မြူးတူးနေကြသလဲ ...
ခင်ဗျားတို့ ပျော်ပါး မြူးတူးတာက ခွေး အမဲရိုးရလို့ ပျော်နေသလိုမျိုး ဖြစ်နေတယ် ...
အသတ်ခံရနီး ဆဲဆဲ နွားက ကိုယ်သေမှာ မသိပဲ မြက်စားရလို့ ပျော်နေသလိုမျိုး ဖြစ်နေတယ်....
ခင်ဗျားတို့ ကိလေသာတောမှာ မြူးတူးနေကြတာဖြင့် သေရတာ အားမရသေးလို့လား အပါယ်ငရဲ ကျရတာ အားမရသေးလို့လားလို့ မေးဖို့ပဲ ရှိတော့တယ် .... ခင်ဗျားတို့က မသိကြလို့သာ မကြောက်ပဲ နေနေကြတာနော့ .. ကျုပ်က သိလို့ ပြောနေတာ ....
လွတ်မြောက်ရာ အစစ်အမှန်ဖြစ်တဲ့ ၀ိပဿနာကို ကြိုးစား အားထုတ်ကြစမ်းပါ .....
ခင်ဗျားတို့က နိဗ္ဗာန်ဆိုတာ ဘာမှ မရှိဘူး ဆိုပြီး အသံကြားရုံနဲ့ ကြောက်နေကြတာ .....
တစ်ကယ်တမ်းက နိဗ္ဗာန်ဆိုတာ လူတွေ သတ်မှတ်တဲ့ ပညတ် စကားလုံးတွေနဲ့ အဓိပ္ပာယ် မဖော်နိုင်အောင် ပြီးပြည့်စုံတာပါ ...ဒါကြောင့် နိဗ္ဗာန်မှာ ပညတ် တစ်ခုမှ မရှိဘူးလို့ ပြောတာပါ .....
ဘာမှ မရှိတာ မဟုတ်ဘူး... ပြောပြလို့ မရနိုင်အောင်ကို အလုံးစုံ ပြီးပြည့်စုံခြင်းပါ ...
ဒါကြောင့် ခင်ဗျားတို့ နောက်ဆံတင်း မနေကြစမ်းပါနဲ့ ရဲရဲကြီးသာ ကြိုးစားအားထုတ်လိုက်ကြစမ်းပါ ....
နိဗ္ဗာန် မြင်ဖူးသူတိုင်း ၀ိပဿာနာ အားထုတ်မိလို့ နောင်တရတယ်ဆိုတာ ထုံးစံ မရှိပါဘူး ....
ရဲရဲကြီးသာ စတင် အားထုတ်ကြစမ်းပါ ....
သာသနာ နှစ် ၅၀၀၀ ဆိုပေမယ့် ခင်ဗျားတို့ အသက်ရှင်သလောက်ပဲ သာသနာက ရှိတော့တယ် ...
ခင်ဗျားတို့ ဒီလောဘ ဒေါသ မောဟ မာန်မာန တွေနဲ့ သေရင် အပါယ်လေးဘုံက တက်ရမှာ မဟုတ်ဘူး ....
ကျန်တဲ့ သာသနာ ၂၅၀၀ မပြောနဲ့ နောင်ပွင့်မယ့် အရိမေတ္တယျ မြတ်စွာဘုရားတောင် မှီမှာ မဟုတ်ဘူး ....
ခင်ဗျားတို့ နောက်မကျသေးပါဘူး ....
နိုင်ငံရေး သာရေး နာရေး လူမှုရေး ပညာရေး သားသမီးရေး လင်ရေး မယားရေး စီးပွားရေး ဒါတွေကို အရေးမကြီးကြပါနဲ့ဦး ...ကိုယ့်အရေးကိုယ် အရင် အရေးကြီးကြစမ်းပါဦး ....ကိုယ့်အရေး ပြည့်စုံပြီ ဆိုရင်ဖြင့် အလိုလို သူတစ်ပါး အရေးကို ကျေးဇူးပြုလာနိုင်မှာပါ ... အရိယာ ပုဂ္ဂိုလ်ကြီးတွေ တဖြောင်းဖြောင်း ပွင့်မယ့် ခေတ်ကြီးမှာ တစ်ခါတည်း ပါအောင် ရဲရဲကြီးသာ ကြိုးစား အားထုတ်လိုက်ကြစမ်းပါ ....
ခင်ဗျားတို့က ၀ိပဿနာ ဆိုရင် အသံကြားရုံနဲ့ ကြောက်နေကြတာ ... ထွက်ပြေး တိမ်းရှောင်နေကြတာ ...
တစ်ကယ်တော့ ၀ိပဿနာ ဆိုတာ ဘယ်လိုမှ ညာလိုမှ အဲ့လို မဟုတ်ဘူး ... လူဝတ်နဲ့လည်း ကျင့်လို့ရတာပဲ ရဟန်းဝတ်မှ ကျင့်လို့ရတာ မဟုတ်ဘူး .... လောကီ ကိစ္စတွေ အကုန် အပြတ် စွန့်နိုင်မှ လုပ်လို့ရတာ မဟုတ်ဘူး .. လုပ်ရင်း ကိုင်ရင်းနဲ့လည်း ကျင့်လို့ရတယ် .....
ကိုယ်က မစွန့်နိုင်သေးလို့ တဏှာ ရာဂ တွေ လုပ်နေမိရင်တောင်မှ တရားအသိလေးနဲ့ နှလုံးသွင်းနေရင် အေးချမ်းတယ် ... နောက် တဖြည်းဖြည်းနဲ့ နှလုံးသွင်းပါ များလာရင် အဲ့ဒီ တဏှာ ရာဂ တွေရဲ့ ပူလောင်မှုကို ကိုယ်တိုင်သိပြီး အလိုလို စိတ်ကုန်ပြီး အလိုလို စွန့်သွားလိမ့်မယ် ....
မစွန့်ချင်ပဲ စွန့်ရမှာ မဟုတ်ဘူး .... မိမိ စိတ် အလိုရ ကို အလိုလို စွန့်သွားမှာ .....လုပ်ပါ ဆိုလို့တောင် မလုပ်ချင်တော့ဘူး .....အခြေအနေအရ လုပ်နေရတယ်ဆိုရင်တောင် ကိုယ်က အစွဲမရှိတော့ရင် အကုသိုလ် မဖြစ်ဘူး .... ငြိမ်းချမ်းဖို့ပဲ ဖြစ်နေလိမ့်မယ် ... အဓိက က တရားအသိလေးနဲ့ နှလုံးသွင်းနေဖို့ပဲ ....ကဲ ဘယ်မှာလဲ ကြောက်စရာ ... တရားကိုသာ နှလုံးသွင်းနေစမ်းပါ .. အရာရာ တရားက ဆောင်သွားပါလိမ့်မယ် ..
ဘုရား အနှစ်သက်ဆုံး ဖြစ်တဲ့ ပူဇော်ခြင်း ၊ တစ်ခုတည်းသော ဘုရား သာဓု ခေါ်တဲ့ အလှူဟာ ၀ိပဿနာ အလှူ တစ်ခုပဲ ရှိပါတယ် .... ဗုဒ္ဓ ဘာသာဝင် လို့ ကိုယ့်ကိုယ်ကို ခံယူရင်ဖြင့် ဘုရား အနှစ်သက်ဆုံးဖြစ်တဲ့ ၀ိပဿနာ အလှူနဲ့ စတင် ပူဇော်ကြစမ်းပါ ......
စာရေးသူ တိုက်တွန်းချက် ။ ။ ကျနော်တို့ဟာ လောကီ အမှုကိစ္စ အ၀၀နဲ့ ရှုပ်ထွေးပွေလီဆဲ ဖြစ်ပါတယ် ..
ရသေ့ ရဟန်း ၀တ်ပြီးတော့လည်း စုံလုံးပစ်ပြီး အားမထုတ်နိုင်သေးပါဘူး .....
ပြည့်စုံမှ တရားဘက် ကူးမယ်လို့တော့လည်း မတွေးပါနဲ့ ....
အလိုဆန္ဒဆိုတာ ဘယ်တော့မှ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး ...
ဒါကြောင့် လုပ်ရင်း ကိုင်ရင်းနဲ့ပဲ တရားအသိလေး နှလုံးသွင်းပြီး ၀ိပဿနာ ဘက်ကို ကူးရမှာပါ ... အထက်က ဆိုခဲ့သလိုပဲ နှလုံးသွင်းပါ များရင် သူ့ အလိုလို တစ်ခုပြီး တစ်ခု စွန့်လွှတ်သွားပါလိမ့်မယ် ...
ပါရမီ မရှိသေးရင် ပါရမီ ကို ဖြစ်တည်စေပြီး ပါရမီ နည်းသူကိုတော့ ပါရမီ ရင့်သန်စေပါတယ် ...
ပါရမီ ရင့်သန်ပြီးသူကိုတော့ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားသိမြင်နိုင်ပြီး အလုံးစုံ ပြီးပြည့်စုံ ငြိမ်းချမ်းရာ
နိဗ္ဗာန်ကို ပို့ဆောင်ပေးပါလိမ့်မယ် ... အချိန်အားမှ နောင်မှ အပြတ်တွယ်မယ်ဆိုတဲ့ အယူလေးတွေကိုလည်း စွန့်လွှတ်ဖို့ တိုက်တွန်းချင်ပါတယ် .... ဘာလို့လည်း ဆိုတော့ ကျနော်တို့ဟာ မျက်စိ တစ်မှိတ် အတွင်း သေဆုံး သွားနိုင်လို့ပါပဲ ....
လူသားတိုင်းဟာ အပါယ်လေးဘုံကို မသွားချင်ကြပါဘူး ..... ဒါပေမယ့် သေတဲ့အခါမှာ တော်တော် များများကြီးကို အပါယ် ကျပါတယ် ...
မြတ်စွာဘုရားက လက်သည်းပေါ် မြေမှုန်လေးတွေ တင်ပြီး လူတွေ သေလွန်ရင် ဒီလက်သည်းခွံပေါ်က မြေမှုန်လောက်ပဲ သုဂတိ ဘုံ ကို ရောက်မယ် ကျန်တဲ့ ကမ္ဘာမြေကြီးလောက် ရှိတဲ့သူတွေက အပါယ်လေးဘုံကို သွားရမယ်လို့ အတိအလင်း ဟောထားပါတယ် ... အဲ့ဒီ အပါယ်သွားတဲ့ သူတွေထဲမှာ အချိန်အားမှ နောင်မှ အပြတ်တွယ်မယ်ဆိုတဲ့ အယူလေးတွေကို ဆုပ်ကိုင်ပြီး သေဆုံးသွားတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီး ပါပါတယ် .... ဒါကြောင့် ဘာကိုပဲ လုပ်လုပ် မကောင်းတာပဲ လုပ်လုပ် ကောင်းတာပဲ လုပ်လုပ် တရား အသိလေးနဲ့ စတင် နှလုံးသွင်းပြီး လုပ်ဖို့ စေတနာ ရှေ့ထားပြီး အလေးအနက် တိုက်တွန်းပါတယ် ခင်ဗျာ ....
အားလုံးပဲ ငြိမ်းချမ်းနိုင်ကြပါစေဗျာ ....
